Sunday, March 23, 2014

ဆီးဂိမ်းပြိုင်ပွဲတွင် နိုင်ငံပိုင်ငွေ ကျပ်သန်းပေါင်း သုံးသောင်းသုံးထောင်ကျော် သုံးစွဲခဲ့

မင်းမင်း

နေပြည်တော်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်း အားကစားပြိုင်ပွဲတွင် ကျပ်သန်းပေါင်း သုံးသောင်းသုံးထောင်ကျော် (၃၃ ဒသမ ၉၅၈ ဘီလီယံ)ကို နိုင်ငံ တော်ဘဏ္ဍာငွေမှ သုံးစွဲခဲ့သည်ဟု အားကစားဝန်ကြီးဌာန၊ ဒု-၀န်ကြီး ဦးသောင်းထိုက်က မတ်လ ၂၀ ရက် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုသည်။

“ဒီငွေများကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ သုံးစွဲခဲ့ခြင်းဖြစ်ကြောင်း တင်ပြလိုပါတယ်” ဟု ဆိုသည်။အဆိုပါ သုံးစွဲခဲ့သည့် နိုင်ငံငွေများကို အစိုးရက ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ်သန်းသုံးထောင်ကျော် နှင့် ယခုဘဏ္ဍာနှစ် ၂၀၁၃- ၂၀၁၄ တွင် ကျပ်သန်းသုံးသောင်းကျော် သုံးစွဲခဲ့ခြင်းဖြစ်သည်ဟု ဒု-၀န်ကြီး က ပြောသည်။

ဆီးဂိမ်းအားကစားပြိုင်ပွဲတွင် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၂၃၈ သန်း ထောက်ပံ့ပေးခဲ့ သည့်အပြင် ဖွင့်ပွဲနှင့်ပိတ်ပွဲများအတွက် အမေရိကန်ဒေါ်လာ ၁၇ သန်းတန်ဖိုးရှိသည့် နည်းပညာပိုင်းနှင့် လိုအပ်သော ပစ္စည်းများပါ ကူညီခဲ့သည်ဟု ၎င်းက ဆိုသည်။

“ချေးငွေသဘောမျိုးမဟုတ်ဘဲ နှစ်နိုင်ငံအကြီးအကဲများရဲ့ ညှိနှိုင်းဆွေးနွေးမှုများအရ ကူညီထောက်ပံ့မှု သက်သက်သာ ဖြစ်ပါတယ်”ဟု ဒု-၀န်ကြီးက လွှတ်တော်တွင် ရှင်းလင်းသည်။

ဆီးဂိမ်းအားကစားပြိုင်ပွဲကြီး၏ ကုန်ကျစရိတ်ကို တိကျစွာ ထုတ်ပြန်ပေးရန် ရန်ကုန်တိုင်းမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုးက လွှတ်တော်သို့ မေးမြန်းခဲ့သည်။

“တိုင်းပြည်အ၀န်းမှာ ကျေးလက်လမ်းတွေ၊ တံတားတွေ အများကြီး လိုပါသေးတယ်။ လွှတ်တော်မှာ လည်း တစ်ချိန်လုံး တင်ပြနေတဲ့ အင်္ဂါမပြည့်စုံနိုင်သေးတဲ့ စာသင်ကျောင်းတွေ၊ အများကြီးရှိနေတဲ့အချိန် မှာ တိုင်းပြည်ရဲ့ဘဏ္ဍာငွေ ဘယ်လောက်သုံးစွဲပြီးတော့ ဆောင်ရွက်ခဲ့တာလဲ”ဟု မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်သည်။

နှစ်ပေါင်းလေးဆယ်ကျော်အတွင်းမှ ပြန်လည်ကျင်းပနိုင်သည့် အဆိုပါဆီးဂိမ်းပြိုင်ပွဲတွင် အားကစားနည်း ၃၃ မျိုးဖြင့် ကျင်းပခဲ့စဉ် အစိုးရက သုံးစွဲခဲ့ခြင်းဖြစ်သည်။

သန်းပေါင်း သုံးသောင်းသုံးထောင်ကျော် သုံးခဲ့သည့် ဆီးဂိမ်းအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံက ရွှေတံ ဆိပ် ၈၆ ခုရရှိခဲ့ပြီး နိုင်ငံအလိုက် ရွှေတံဆိပ် ဒုတိယအများဆုံး ရရှိခဲ့သည်။

No comments: