ဟိန်းကိုစိုး
တစ်ပိုင်တစ်နိုင် ရွှေတူးဖော်ရေး ပြန်လည်လုပ်ကိုင်ခွင့်ပြုရန် လေးလကျော် သပိတ်စခန်း ဖွင့်လှစ် တောင်း ဆိုနေသည့် မိုးထိမိုးမိရွှေလုပ်သား ၅ဝ ကျော်ကို ရမည်းသင်းခရိုင်ရဲတပ်ဖွဲ့က မတ်လ ၄ ရက် ညနေ ၅ နာရီတွင် ခေါ်ဆောင်သွားသည်ဟု ရမည်းသင်းမြို့နယ် ရွှေမြင်တင်ကျောင်းမှ ဦးပဉ္ဇင်းတစ်ပါးက မဇ္ဈိမကို ပြောဆိုသည်။
၎င်းတို့သည် လွန်ခဲ့သောလေးလကျော်က ရွှေမြင်တင်ဘုရားအနောက်ဘက်မုခ်ရှိ ရွှေမြင်တင်ဘုန်းတော် ကြီးကျောင်းအတွင်း သပိတ်စခန်းဖွင့်ကာ တောင်းဆိုနေခြင်းဖြစ်သည်။
“ဦးပဉ္ဇင်းကို ထွေအုပ်ကနေပြီးတော့ ဖုန်းဆက်တာ။ ခုလာပြီး ဖမ်းတော့မယ်။ ဦးပဉ္ဇင်းတားမယ်ဆိုရင် ဦး ပဉ္ဇင်းကိုပါ ဖမ်းရလိမ့် မယ်ပြောပြီး လာဖမ်းတာ။ ဘာလို့လာဖမ်းတာလဲဆိုတာကိုကျတော့ ပုဒ်မ ၁၈၈ နဲ့ အရေးယူတယ်လို့ ပြောတယ်”ဟု ယင်းဦးပဉ္ဇင်းက မိန့်သည်။
ရမည်းသင်းမြို့နယ်ရဲစခန်းသည် ၎င်းတို့ဖွင့်လှစ်ထားသော သပိတ်စခန်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက် နောက်ဆုံးထား ထွက်ခွာပေးရန် ဖေဖော်ဝါရီလ ပထမပတ်အတွင်း အကြောင်းကြားထားသည်။
“ကျွန်တော်တို့ အခု ဖမ်းတယ်လို့ပြောလို့မရပါဘူး။ အားလုံးကိုခေါ်ပြီးတော့ ညှိနှိုင်းတာပါ။ ဘုရားပွဲလည်း ရှိတဲ့အတွက် ဒီကနေထွက်ဖို့အတွက် ညှိဖို့ပါ။ အမှုဖွင့်ထားတာမဟုတ်သေးပါဘူး”ဟု ရမည်းသင်းခရိုင်ရဲ တပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ ရဲအုပ်တစ်ဦးက မဇ္ဈိမကို ပြန်ဖြေသည်။
ရွှေမြင်တင်ဘုရားပွဲကို မတ်လ ၁၂ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး အဆိုပါဘုရားပွဲမတိုင်ခင် ဘုန်းတော်ကြီးကျောင်း အတွင်းမှ ထွက်ခွာသွားရန် မြို့နယ်ရဲစခန်းဘက်မှ အကြောင်းကြားထားသော်လည်း ရွှေလုပ်သားများဘက်မှ နေစရာနေရာပေးမှ သာ ထွက်ခွာပေးနိုင်မည်ဟု မိုးထိမိုးမိရွှေလုပ်သားတစ်ဦးဖြစ် သူ ဦးမျိုးတင့်က မတ်လ ၂ ရက်တွင် ပြောထား သည်။
ခေါ်ဆောင်သွားခံရသူများထဲမှ အချို့မှာ မိုးထိမိုးမိရွှေလုပ်ကွက်များတွင် ဒေသခံ ရွှေလုပ်သားများအနေ ဖြင့် တစ်ပိုင်တစ်နိုင် လုပ်ကိုင်လိုသည်ဟုဆိုကာ ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၉ ရက်က ရန်ကုန်-မန္တလေး မိုင် တိုင် ၂၉၈/၅ ၌ ဆန္ဒဖော်ထုတ်ခဲ့သည်။
အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ပိုင်ဆိုင်သည့် ရွှေလုပ်ကွက် ၆,၁ဝ၅ ဧကထဲတွင် ဇုန် ၁၃ ဇုန်ရှိပြီး ၁၂ ဇုန်ကိုလျော်ကြေးပေးလိုက်ပြီး ဖြစ်သည်။ လျော်ကြေးပေးရန် တစ်ဇုန်ကျန်နေသေးသောကြောင့် ဆန္ဒ ပြမှုများဖြစ်ပေါ်နေရခြင်းဖြစ်သည်ဟု သိရသည်။
အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီသည် အင်းလုပ်သား ၅၄ ဦးကို နစ်နာကြေး ကျပ်သိန်း ၃,ဝဝဝ ကျော် လျော်ကြေးပေး ခဲ့ပြီးပြီဟု ကုမ္ပဏီက တရားဝင် ပြောဆိုထားသည်။
No comments:
Post a Comment