Saturday, March 1, 2014

ပြည်ထောင်စုဝန်ကြီးဒေါက်တာမြတ်အုန်းခင် ချင်းလူမှုဒုက္ခ ကျပ်သိန်းပေါင်း ၁၇၀၁. ၃၃ ကူညီ


လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီး ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ မြတ်အုန်းခင် သည် ချင်းလူမှုဒုက္ခဖြေရှင်းရေးအတွက် ကျပ်သိန်းပေါင်း ၁၇၀၁ . ၃၃ ကူညီခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးသည် ချင်းပြည်နယ်ဟားခါးမြို့သို့ရောက်ရှိလာပြီး ဖေဖေါ်ဝါရီ ၂၇ ရက်နေ့တွင် အဆိုပါ ကူညီ ထောက်ပံ့ငွေအား ပြည်နယ်ဝန်ကြိးချုပ်ကိုယ်စား နယ်စပ်ရေးရာလုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး ဇော်မင်းဦးထံ ပေးအပ် ခဲ့ခြင်းဖြစ်သည်။

ယခုထောက်ပံ့ခြင်းသည် ၂၀၁၃- ၂၀၁၄ ဘတ်ဂျက်ထဲက ဟာဖြစ်ပြီး သဘာဝဘေးဒုက္ခ ကူညီရေး အတွက် သိန်း ၁၀၀၀၊ မိဘမဲ့၊ အိုမင်းမစွမ်း စောင့်ရှောက်ရေးအတွက် ကျပ်သိန်းပေါင်း ၇၀၁.၃၃ စုစုပေါင်း သိန်း ၁၇၀၁.၃၃ ဖြစ်သည်ဟု တာဝန်ရှိ တဦးက ဆိုသည်။

အဆိုပါထောက်ပံ့ငွေကို ချင်းပြည်နယ်အတွင်း အထူးသဖြင့် မိဘမဲ့ကလေးကျောင်းများ၊ အိုမင်းမစွမ်းစောင့်ရှောက်ရေး ဂေဟာ၊ တသီးပုဂ္ဂလ ဘော်ဒါကျောင်းဆောင် နှင့် ကျန်းမာရေး၊ လူမှုရေး စောင့်ရှောက်မှုအသင်းအဖွဲ့ ၂၄ ခု အတွက် ထောက်ပံ့ ကူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဝန်ကြီး ဒေါက်တာ မြတ်အုန်းခင်က အစိုးရ၏ လူမှုဒုက္ခကယ်ဆယ်ရေးနှင့် သဘာဝဘေးဒုက္ခ ဖြေရှင်းရေးလုပ် ငန်းဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့ပြီး ချင်းပြည်နယ် နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီးနှင့် Rev. Hoicungtum တို့က ကျေးဇူးတင် စကားပြောကြားခဲ့ကြသည်။

အဆိုပါ အလှူငွေ ပေးအပ်ပွဲအခမ်းအနားကို Hakha Town Hall တွင်ကျင်းပခဲ့ကြပြီး ချင်းပြည်နယ် ၀န်ကြီးများ၊ ဘာသာရေးခေါင်းဆောင်များ နှင့် (၉)မြို့နယ်မှ သက်ဆိုင်ရာ တာဝန်ရှိများ တက်ရောက်ကြသည်ဟု သတင်းရရှိသည်။

No comments: