Wednesday, March 5, 2014

အဂတိလိုက်စားမှု ပပျောက်ရေး ပြည်သူများ ပါဝင်ရန် ကော်မရှင်ဥက္ကဋ္ဌ တိုက်တွန်း

မင်းမင်း

မြန်မာနိုင်ငံတွင် လာဘ်ပေးလာဘ်ယူမှုပပျောက်ရေး ဆောင်ရွက်ရန် အစိုးရသာမက ပြည်သူများကပါ ပူး ပေါင်းဆောင်ရွက်ကြရန် လာဘ်ပေးလာဘ်ယူမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌဦးမြ၀င်း (အငြိမ်းစားစစ်မှု ထမ်း)က မီဒီယာများကို ပြောကြားလိုက်သည်။

“အစိုးရ ပြည်သူ ပူးပေါင်းဆောင်ရွက်ရင် ရည်မှန်းထားတာ ရောက်မယ်”ဟု ၎င်းက ပြောသည်။ မတ်လ ၃ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်၌ ကော်မရှင်အဖွဲ့ ကတိသစ္စာပြုအပြီး မီဒီယာများကို ပြောကြားလိုက်ခြင်းဖြစ်သည်။

“ကျွန်တော်တို့ကော်မတီမှာ ပညာရှင်တွေပါတယ်။ အဲဒီပညာရှင်တွေက ကျန်တဲ့အဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်။ အဲဒီလိုဆောင်ရွက်မယ်ဆိုရင် အတိုင်းအတာတစ်ခုအတွင်း ပြီးသွားမယ်ထင်ပါ တယ်။ စတင်ဖွဲ့စည်းကာစပဲ ရှိသေးတယ်၊ ဘယ်လိုဆောင်ရွက်မယ်ဆိုတာ ကော်မတီအဖွဲ့ဝင်တွေနဲ့ ညှိ နှိုင်းဆောင်ရွက်ရမယ်၊ အသေးစိတ်ပြောကြားနိုင်ခြင်း မရှိသေးပါဘူး”ဟု ဦးမြ၀င်းက ပြောသည်။

ပြည်ထောင်စုလွှတ်တော်တွင် ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းက ပြဋ္ဌာန်းလိုက်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ ဖွဲ့စည်းလိုက်သည့် အဆိုပါကော်မရှင်အဖွဲ့ဝင် ၁၅ ဦးသည် အစိုးရအကြီးအကဲ များနှင့် သူတို့မိသားစုများ၏ ပိုင်ဆိုင်မှုစာရင်းကိုပင် တောင်းခံနိုင်ပြီး မလိုက်နာသူကို ထောင်ဒဏ်ငါးနှစ် အထိ ချမှတ်နိုင်ကြောင်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

“ချမှတ်ထားတဲ့ ဥပဒေအတိုင်း ဆောင်ရွက်ရမယ်၊ ဘက်လိုက်မှု မရှိနိုင်ပါဘူး။ ကျွန်တော်တို့ ပြန်ပြီး စီစဉ် ရဦးမှာဆိုတော့ အတိုင်းအတာတစ်ခုတော့ အချိန်ယူရမယ်”ဟု ဦးမြ၀င်းက ပြောခဲ့သည်။

ကော်မရှင်သည် လိုအပ်ပါက အာဏာပိုင်များ၏ငွေကြေး၊ ရပိုင်ခွင့်နှင့်ပိုင်ဆိုင်မှုများကို ကြေညာရန် သက်ဆိုင်ရာအဖွဲ့အစည်းများကို တောင်းခံနိုင်သည်။ ထိုသို့ တောင်းခံလာပါက အာဏာပိုင်များက ၎င်းတို့ ပိုင် ဆိုင်မှုများကို မည်သို့မည်ပုံ ပိုင်ဆိုင်ခဲ့သည်ကို ထုတ်ဖော်ကြေညာကာ ကော်မရှင်ထံ ရှင်းလင်းတင်ပြရ မည်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ထို့ပြင် အာဏာပိုင်များသည် ၎င်းတို့ပိုင်ပစ္စည်းများကို ရောင်းချခဲ့ပါကလည်း ထိုရောင်းချငွေကို အခွန်ဆောင်ထားကြောင်း အထောက်အထားပြရမည်ဖြစ်ပြီး ပြည်တွင်းတွင်သာမက ပြည်ပတွင်ပါ ၎င်းတို့ပိုင် ငွေ၊ ပစ္စည်းနှင့် ရပိုင်ခွင့်များကိုလည်း ကော်မရှင်သို့ တင်ပြရမည်ဖြစ်သည်။

အာဏာပိုင်များသည် ၎င်းတို့ပိုင်ပစ္စည်းများကို သာမက တစ်စီးပွားတည်းဖြစ်သော မိသားစုဝင်များ၏ ပိုင်ဆိုင်မှုများကိုလည်း ၎င်းတို့ပိုင်ဆိုင်မှုများကဲ့သို့ အသေးစိတ် ကော်မရှင်ထံ အစီရင်ခံရမည်ဖြစ်သည်။

အကယ်၍ အာဏာပိုင်ပုဂ်္ဂိုလ်က သေဆုံးသွားခဲ့လျှင်ပင် ကျန်ရစ်သူမိသားစုက အထက်ပါစည်းမျဉ်းအတိုင်း ပိုင်ဆိုင်မှုများကို အသေးစိတ် တင်ပြရမည်ဖြစ်သည်ဟုလည်း ဥပဒေက ဆိုသည်။

သို့သော် ထိုသို့ပြဋ္ဌာန်းထားသည့် အဆိုပါ ဥပဒေပုဒ်မ ၄၇ တွင် “လုပ်ပိုင်ခွင့် အာဏာရှိသူများ”ဟုသာ ထည့်သွင်းပြဋ္ဌာန်းထားပြီး မည်သည့်အဆင့်ရှိသည့် အာဏာပိုင်ကစတင်၍ ပိုင်ဆိုင်မှုကြေညာရမည်ကိုမူ အသေးစိတ် ဖော်ပြမထားပေ။

လာဘ်ပေးသူ(သို့) လာဘ်ယူသူသည် ထိုသို့ပြုလုပ်သည်ကို ကော်မရှင်က စစ်ဆေး၍ ပေါ်ပေါက်လျှင် ထောင်ဒဏ်အပြစ်ပေးခံရမည့်အပြင် အဂတိလိုက်စား၍ရထားသည့် ပိုင်ဆိုင်မှုများလည်း သိမ်းဆည်းခံရ မည်ဖြစ်သည်ဟု ဥပဒေ၌ ပါရှိသည်။

ကမ္ဘာတစ်လွှားရှိ အဂတိလိုက်စားမှုအရှိဆုံးသော နိုင်ငံများစာရင်းကို ထုတ်ပြန်လေ့ရှိသည့် ဂျာမနီနိုင်ငံ ဘာလင်အခြေစိုက် Transparency International အဖွဲ့၏ ၂၀၁၃ ခုနှစ်အတွက် အစီရင်ခံစာထုတ်ပြန် မှုတွင် မြန်မာနိုင်ငံသည် အဆင့် ၂၀ တွင် ရှိနေသည်ဟု ဆိုသည်။

No comments: