တင်ဇာအောင်
ရခိုင်ပြည်နယ် စစ်တွေနှင့်မောင်တောဒေသများတွင် ဆန္ဒခံယူပွဲလုပ်ကာ နယ်မြေသစ် ပြန်လည်သတ်မှတ်ရန် လမ်းကြောင်းပြရေးသားထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည့် ဒါကာထရီဗျူးသတင်းဌာနက ဖော်ပြခဲ့ခြင်းသည် ပဋိပက္ခများဖြစ်ပွားရန် သွေးထိုးသည့် အခြေအနေဖြစ် ခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသံရုံးများသို့ ကန့်ကွက်စာပေးပို့သွားမည်ဟု သမ္မတရုံး အကြီးတန်းအရာ ရှိက မဇ္ဈိမကို ပြောသည်။
တရားဝင် သံတမန်လမ်းကြောင်းအရ ကန့်ကွက်ခြင်းကို မတ်လနောက်ဆုံးပတ်အတွင်း ဆောင်ရွက်သွားမည်ဖြစ်ကာ ပြည်တွင်းရှိ ဘင်္ဂလားဒေ့ရှ်သံရုံးသို့ အစိုးရ တရားဝင်ကန့်ကွက်မည်ဖြစ်သကဲ့သို့ ဘင်္ဂလား ဒေ့ရှ်နိုင်ငံရှိ မြန်မာသံရုံးကလည်း ဘင်္ဂလားဒေ့ရှ်အစိုးရကို တရားဝင် ကန့်ကွက်သည့် ပုံစံဖြင့် ဆောင်ရွက် သွားမည်ဟု အဆိုပါအကြီးတန်းအရာရှိက ဆိုသည်။
“ရခိုင်ပြည်နယ်မှာ ဆန္ဒခံယူပွဲ လိုနေပြီလား” ခေါင်းစဉ်ဖြင့် ဒါကာထရီဗျူး၏ ဖော်ပြချက်တွင် စစ်တွေနှင့် မောင်တောခရိုင်များတွင် နေထိုင်ကြသည့် ၉၅ ရာခိုင်နှုန်းရှိသူများသည် ဘင်္ဂလားဘာသာစကားမှခွဲထွက်လာသည့် ဘာသာစကားတစ်မျိုးကို ပြောဆိုကြသည်ဟု ဆိုထားသည်။
မြန်မာအစိုးရက ထိုသူများကို နိုင်ငံခြားသားများဟု သတ်မှတ်ထားပြီး အိမ်နီးချင်းနိုင်ငံများသို့ ဒုက္ခသည် များအဖြစ် ထွက်ပြေးခိုလှုံနေရခြင်းကြောင့် “ဆန္ဒခံယူမှုပြုလုပ်ကာ နယ်စပ်မျဉ်းပြန်လည်သတ်မှတ်ခဲ့သည့် လတ်တလော ကရိုင်းမီးယားကိစ္စရပ်မျိုးမှာ အလွန်ဆွဲဆောင်မှုရှိသော ကိစ္စရပ်တစ်ခု ဖြစ်လာသည်။ ကြောင်းကျိုးဆီလျော်မှုမရှိသော နယ်ပိုင်နက်ကိစ္စများကြောင့် ပေါ်ပေါက်လာရသည့် ပြဿနာ များကို ဖြေရှင်း ရန်အတွက် ပိုမိုသင့်လျော်သည့် ဖြေရှင်းချက်များအနက် တစ်ခုပင် ဖြစ်နိုင်ချေရှိသည်”ဟု ဖော်ပြထား သည်။
ထိုဖော်ပြချက်သည် “ဒါပေမဲ့ ဖြစ်စဉ်က ခြားနားပါတယ်။ မြန်မာနိုင်ငံက ယူကရိန်းမဟုတ်သလို မောင်တောစစ်တွေကလည်း ကရိုင်းမီးယားမဟုတ်ဘူး။ အဓိက ဆောင်းပါးရှင်ရဲ့ ထင်မြင်ယူဆချက် ရေးထား တယ်လို့ ပြောလို့ရပေမယ့်လည်း ဒီအခြေအနေအချိန်အခါနဲ့ ကိုက်ညီပြီးတော့ ရေးတဲ့အတွက် ကျွန်တော်တို့ နိုင်ငံထဲရောက်နေတဲ့ ဘင်္ဂါလီတွေကို အတွေးအခေါ်သွင်းတယ်လို့ သဘောသက်ရောက်နေပါတယ်” ဟု သမ္မတရုံးအရာရှိက ပြောသည်။
ဒါကာထရီဗျူး၏ ဖော်ပြချက်ကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမြအေးကလည်း ကန့်ကွက်ကြောင်း ဆိုလိုက်ပြီး “ကျွန်တော်တို့နိုင်ငံရဲ့ ပိုင်နက် တစ်စိတ်တစ်ပိုင်းကို မတရားသိမ်းပိုက် လာမယ်ဆိုရင် အဲလိုလုပ်ရပ်တွေကို ဘယ်ဘာသာဝင်ကပဲ လုပ်လုပ်၊ ဘယ်နိုင်ငံကပဲလုပ်လုပ်၊ ဘယ် အဖွဲ့အစည်းကပဲ လုပ်လုပ် လုံးဝ လက်မခံဘူး”ဟု ပြောသည်။
အဆိုပါရေးသားချက်နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသတင်းစာဆရာအသင်း (MJA) ကလည်း ဘာသာရေး အဓိကရုဏ်းများ ဖြစ်ပေါ်လာစေရန် တမင်လှုံ့ဆော်မှုများပါဝင်ပြီး ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်သည်ကို တွေ့ရကြောင်း၊ သို့ဖြစ်၍ အဆိုပါဆောင်းပါးရေးသားသူကို ပြင်းထန်စွာရှုတ်ချကြောင်း မတ် ၂၂ တွင် ကြေညာချက် ထုတ်ပြန်ထားသည်။
No comments:
Post a Comment