ABC
မြန်မာနိုင်ငံက ကမ်းလွန် သဘာဝဓာတ်ငွေ့ကို ရှာဖွေတူးဖော်နိုင်ဖို့အတွက် လုပ်ကွက်နေရာတချို့မှာ အစုရှယ်ရာ လုပ်ခွင့် အနိုင်ရရှိသွားခဲ့တဲ့ ကုမ္ပဏီတွေရဲ့ နာမည်တွေကို အစိုးရက မနေ့ကပဲ ထုတ်ပြန်လိုက် ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ အစုရှယ်ရာ အနိုင်ရရှိသွားခဲ့ကြတဲ့ ကုမ္ပဏီတွေက အမေရိကန်က ကုမ္ပဏီကြီးတွေဖြစ်ကြတဲ့ Chevron ကုမ္ပဏီနဲ့ ConocoPhillips ကုမ္ပဏီတွေအပြင် နော်ဝေး Statoil ကုမ္ပဏီ၊ BG ကုမ္ပဏီနဲ့ Shell ကုမ္ပဏီတွေ ပါဝင်ပါတယ်။
အဲဒီထဲက ဗြိတိန်နိုင်ငံအခြေစိုက် ရေနံထုတ်လုပ်ရေး ကုမ္ပဏီတခုဖြစ်တဲ့ ဘီဂျီ ရေနံထုတ်လုပ်ရေးအဖွဲ့က အစုရှယ်ရာ လုပ်ကွက်နှစ်ခု ပူးတွဲလုပ်ခွင့်ရရှိသွားခဲ့တာဖြစ်ပါတယ်။
လုပ်ကွက် A4 နဲ့ AD2 နေရာနှစ်ခုက ရှယ်ရာတန်ဖိုး ၄၅ ရာခိုင်နှုန်းနဲ့ ၅၅ရာခိုင်နှုန်း အသီးသီးစီ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဘီဂျီ ရေနံထုတ်လုပ်ရေးအဖွဲ့က မနေ့က ထုတ်ပြန်တဲ့ ကြေညာချက် ထဲမှာဖော်ပြထားပါတယ်။
ဒါ့အပြင် လုပ်ကွက်နေရာ A7 နဲ့ AD5 တွေမှာလည်း ရှယ်ရာတန်ဖိုး ၄၅ ရာခိုင်နှုန်း အသီးသီးစီ ပိုင်ဆိုင်ထားတယ်လို့လည်း ဗြိတိန် ရေနံထုတ်လုပ်ရေးအဖွဲ့က ဆိုပါတယ်။
ဘီဂျီ အဖွဲ့အနေနဲ့ ဓာတ်ငွေ့ရှာဖွေ တူးဖော်ရေးလုပ်ငန်းတွေကို ၂၀၁၄/၂၀၁၅ ခုနှစ်တွေမှာ စတင် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
မြန်မာ့စွမ်းအင်ဝန်ကြီးဌာနရဲ့အဆိုအရ ၂၀၁၃ခုနှစ် ဧပြီလမှာ စတင်ဖွင့်လှစ်လိုက်တဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်မှုလုပ်ငန်းမှာ တကမ္ဘာလုံးက ကုမ္ပဏီ ၆၈ ခုက စိတ်ဝင်စားမှုပြသခဲ့ပြီးတော့ အဲဒီထဲက ကုမ္ပဏီပေါင်း ၃၀ က လျှောက်လွှာပေးပို့ခဲ့ကြတာဖြစ်ပါတယ်။
အစိုးရက သဘာဝ ဓာတ်ငွေ့တူးဖော်ဖို့ လုပ်ကွက် ၃၀ လေလံခေါ်ထားတာဖြစ်ပါတယ်။ အခုလောလောဆယ် ကျန်ရှိနေတဲ့ လုပ်ကွက် ၁၀ကွက်ကိုတော့ ဘယ်တော့ လုပ်ခွင့်ပေးမလဲဆိုတာ ကိုတော့ ရှင်းရှင်းဖော်ပြထားတာ မရှိသေးပါဘူး။
အခုဖွင့်ပေးလိုက်တဲ့ လုပ်ကွက်တွေကနေ စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ ဒေါ်လာ သန်း ၂၂၆.၁ ကျော် ရရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။
No comments:
Post a Comment