Monday, March 24, 2014

သစ်အချောထည် တင်ပို့မှု စိန်ခေါ်မှုများ ရင်ဆိုင်ရနိုင်

ကို​ထွေး

ဧပြီလ ၁ ရက်နေ့က စတင်ပြီး မြန်မာနိုင်ငံက သစ်တွေ အလုံးလိုက် နိုင်ငံခြားကို တင်ပို့ခွင့်ပြုတော့မှာမဟုတ်ဘဲ ခွဲသား၊ သစ်အချောထည် ထုတ်တာနဲ့ သက်ဆိုင်တာတွေကို တင်သွင်းရတော့မှာ ဖြစ်ပေမယ့် မြန်မာ့သစ်အချောထည်လုပ်ငန်းမှာ စိန်ခေါ်မှုတွေ ရှိနေပါတယ်။

သစ်အလုံးလိုက်တင်ပို့မှုကို လာမယ့်ဧပြီလ ၁ ရက်နေ့ကစပြီး ရပ်တန့်လိုက်တဲ့အတွက် ပြည်တွင်းလုပ်ငန်းရှင်တွေအဖို့ သစ်ချောထည် တင်ပို့မှုဘက်ကို ဦးတည်သွားစေပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များ အသင်းက အထွေထွေ အတွင်းရေးမှူး ဒေါက်တာ မျိုးသက်က ရေရှည်နိုင်ငံတော်အတွက် သယံဇာတ ထိန်းသိမ်းဖို့နဲ့ သယံဇာတ နည်းနည်းနဲ့ တန်ဖိုးများတဲ့ ကုန်ပစ္စည်းများများ ပို့နိုင်တာဟာ ကောင်းတဲ့ လမ်းစတခုလို့ ထင်မြင်ပေမယ့် ဈေးကွက်၊ နည်းပညာနဲ့ ငွေအရင်းအနှီးတွေမှာ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ ပြောပါတယ်။

အခုလို အပြောင်းအလဲလုပ်ဆောင်စဉ်မှာ ဈေးကွက်မှာ စိန်ခေါ်မှုတွေ ရှိလာသလို အချိန်ယူဖို့ လိုအပ်ကြောင်းနဲ့ အခုချိန်မှာ ၀ိုးတ၀ါး ဖြစ်နေသလို နည်းပညာနဲ့ အရင်းအနှီးတွေ ဖြည့်တင်းရမယ်လို့ ပြောပါတယ်။

အစိုးရပိုင်းကလည်း အကူအညီတွေ တတ်အားသဖြင့် ပေးနေပေမယ့် ၁ နှစ် ၂ နှစ်ထဲမှာတော့ ဖြေရှင်းပေးဖို့ ခက်ခဲတယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံဟာ သစ်ချောထည်တင်ပို့မှုလုပ်ငန်းဟာ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေ ကြောင့် ထိခိုက်ခဲ့ရပါတယ်။ မြန်မာနိုင်ငံက သစ်ကို ဥရောပနိုင်ငံတွေထဲက ဂျာမဏီနဲ့ အီတလီ တို့က အများဆုံး မှာယူတင်သွင်းတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက သစ်တန်ချိန် အမြောက်အမြား ၀ယ်ယူထားသလို ဈေးကွက်ကို နိုင်နိုင်နင်းနင်းရှိတဲ့ အိန္ဒိယနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မြန်မာနိုင်ငံကို ၀င်ရောက်နေတယ်လို့ ဆိုပါတယ်။ ဒီလို ၀င်ရောက်လာတာ ကောင်းမွန်ပေမယ့် ဒီကုမ္ပဏီတွေရဲ့ ခြယ်လှယ် လက်ဝါးကြီး အုပ်တာကို မခံရဖို့ လိုတယ်လို့လည်း ရှင်းပြပါတယ်။

မြန်မာ့ သစ်လုပ်ငန်း ပြည်ပအရောင်းစက်က တာဝန်ရှိသူတဦးကတော့ သစ်လုပ်ငန်းရှင်တွေက တင်ပြလာတဲ့ အခက်အခဲ စိန်ခေါ်မှုတွေကို ဆွေးနွေးတာတွေ လုပ်ဆောင်သွားမှာ ဖြစ်သလို လတ်တလော အခြေ အနေမှာတော့ သစ်လုပ်ငန်းရှင်များ အနေနဲ့ လုပ်ဆောင်နေတဲ့ အရာတွေနဲ့ ပတ်သက်ပြီး စီစဉ်ဆဲကာလ ဖြစ်နေတယ်လို့ ထင်မြင်တဲ့ အကြောင်း ပြောပါတယ်။

No comments: