Saturday, March 22, 2014

ရခိုင်အမျိုးသားပါတီ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည်

ရွှေရည်ဝင်းထက်

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်ဆိုပါက ရခိုင်အမျိုးသားပါတီ အနေဖြင့် ရခိုင်ပြည်နယ်ရှိ မင်းပြားနှင့် ဂွ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က မဇ္ဈိမကိုပြောသည်။

ထိုသို့ ဝင်ပြိုင်ရန် ပြင်ဆင်စရာရှိသည်များကို မတ်လ ၂၃ရက်တွင် စစ်တွေမြို့၌ပြုလုပ်မည့် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ဆုံးဖြတ်မည်ဖြစ်သည်။ အဆိုပါမဲဆန္ဒနယ်များ၏ ၂ဝ၁ဝ ပြည့်နှစ် ရွေးချယ်ခံကိုယ်စားလှယ်နှစ်ဦး ဆုံးပါးသွားခဲ့သည်မှာ တစ်နှစ်ကျော် ကြာမြင့်နေပြီဖြစ်သည်။

ဦးအေးသာအောင်က “မင်းပြားမြို့နယ်ကတော့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့မြို့နယ်ဖြစ်တဲ့အတွက် သိပ်ပြီး ပြင်ဆင်ဖို့ မလိုပါဘူး။ ဂွမြို့နယ်ကတော့ တစ်ခြားပါတီတွေကလည်း ဝင်ပြိုင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပြင်ဆင်ရမှာတွေရှိပါတယ်” ဟု ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲကို ၂ဝ၁၄ခုနှစ် နှစ်ကုန်ပိုင်း၊ နိုဝင်ဘာလ၊ ဒီဇင်ဘာလခန့်တွင် ပြုလုပ်ရန်ရှိသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက မတ်လ ၂ဝရက်က ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီးတွင် ပြောကြားခဲ့သည်။

တိုင်းဒေသကြီး၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့အတွက် စုစုပေါင်း လစ်လပ်မဲဆန္ဒနယ် ၃၁ နေရာရှိသည်။

ယခုကြားဖြတ်ရွေးကောက်ပွဲသည် ၂ဝ၁ဝပြည့်နှစ် အထွေထွေရွေးကောက်ပွဲပြီးနောက် ဒုတိယမြောက် ကြားဖြတ်ရွေးကောက်ပွဲဖြစ်သည်။

No comments: