Saturday, March 22, 2014

ခင်ဦးမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား ကလေးတစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရ

ကိုတိုးကြီး

ကလေးတစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သော မီးကြွင်းမီးကျန်မှ တစ်ဆင့်မီးလောင်မှုတစ်ခု စစ်ကိုင်း တိုင်း ခင်ဦးမြို့နယ်တွင် မတ်လ ၁၉ ရက်က ဖြစ်ပေါ်ခဲ့သည်ဟု မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူး ဦးမင်းစမ်းအေးက ပြောသည်။

ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ဆူးတပ်ကျေး ရွာအုပ်စု၊ ၀က်သဲကျေးရွာတွင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးသတ် စခန်းတာဝန်ခံ ဦးထွန်းနိုင်၊ ကုန်းကြီးရဲကင်းစခန်းမှူး ဒု- ရဲအုပ် ကျော်ကျော်လှတို့အဖွဲ့က သွားရောက်စစ်ဆေး ခဲ့ရာတွင် ဦးသိန်းလွင်ဆိုသူ၏ နေအိမ်တွင် မီးကြွင်းမီးကျန်မှတစ်ဆင့် စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ကနဦးယူဆထားသည်။

မီးလောင်ကျွမ်းခဲ့သည့် နေအိမ်မှာ ထန်းရွက်မိုး၊ ထရံကာဖြစ်ပြီး မီးလောင်စဉ် နေအိမ်အတွင်း၌ အိပ်ပျော်နေသည့် မောင်တိုးတိုးမောင် အသက်(၃)နှစ်ဆိုသူ မှာ မီးလောင်၍ သေဆုံးသွားခဲ့သည်။

အဆိုပါ ကလေးနှင့်အတူ အိပ်နေသည့် မောင်ဇန် အသက်(၁၀)နှစ် ဆိုသူမှာမျက်နှာတစ်ခြမ်း မီးလောင် ဒဏ်ရာများရရှိခဲ့သည်။

မီးလောင်နေစဉ် နေအိမ်၌ မိဘများမရှိခဲ့သည့်အတွက် ကလေးငယ်များ ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။ မီးလောင်မှုကို ခင်ဦးမြို့မရဲစခန်းက(ပ) ၆၆/ ၂၀၁၄ ပြစ်မှုပုဒ်မ ၂၈၅/ ၃၀၄(က) အရ အမှုဖွင့်ထားသည်။

No comments: