မင်းမင်း
တက္ကသိုလ်ဝင်စာမေးပွဲ(ဆယ်တန်း)တွင် ရရှိသည့် အမှတ်အနည်းအများပေါ် မူတည်၍ ၀င်ခွင့်ပြုနေသည့် လက်ရှိ တက္ကသိုလ်ပညာရေးစနစ်သည် တန်ဖိုးထားမှုထက် ဂုဏ်ပကာသနကို ဦးတည်သည့်စနစ်ဖြစ်နေ သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောဆိုလိုက်သည်။
“အားလုံးအမှတ်ပေါင်းရင် ဘယ်လောက်ကျော်မှ ဆေးကောလိပ် သွားနိုင်တယ်။ ဘယ်လောက်ကျော်မှ နည်းပညာ တက္ကသိုလ်သွားနိုင်တယ်ဆိုတော့ ဘယ်လို ဖြစ်လာလဲဆိုတော့ ကိုယ်ယူတဲ့ ဘာသာရပ်ဟာ ကိုယ်စိတ်ဝင်စား တန်ဖိုးထားမှုထက် ဂုဏ်က ပါလာတယ်။ ကိုယ့်သားသမီးက ဆေးကျောင်းသားဆို မိဘ တွေက ဂုဏ်တက်တယ်။ အဲဒီတော့ ဆရာဝန်ဖြစ်စေချင်လို့ သွားခိုင်းတယ်။ ကလေးတွေက ဆေးပညာ စိတ်မ၀င်စားပေမယ့် ဂုဏ်ကြောင့် သွားချင်တယ်” ဟု အဆင့်မြင့် ပညာရေးဆိုင်ရာ ဥပဒေမူကြမ်းရေးဆွဲ ရေးကော်မတီနှင့် ရန်ကုန်တက္ကသိုလ်(ပင်မ)ပြန်လည် အဆင့်မြှင့်တင်ရေးနှင့် မွမ်းမံရေး ကော်မတီတို့၏ ဥက္ကဋ္ဌလည်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
မတ်လ ၃ ရက်တွင်ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်သို့ လာရောက် လေ့လာသည့် စီးပွားရေး တက္ကသိုလ်နှင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ထားသော ASEAN Economic Studyသင်တန်းသားများနှင့် ဆရာများအား ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက် ခြင်းဖြစ်သည်။
“ကျွန်မတို့ အရင်တုန်းကဆိုရင် ကိုယ်လိုချင်တဲ့ ဘာသာအတွက် သက်ဆိုင်တဲ့ ဘာသာတွေမှာ အမှတ် လုံလောက်လို့ရှိရင် လက်ခံတယ်” ဟု ဆိုသည်။
လက်ရှိတွင် တက္ကသိုလ်အလိုက် အမှတ်ကန့်သတ်ထားသည့်အပြင် တက္ကသိုလ် တစ်ခုတည်းရှိ အထူးပြု ဘာသာရပ်အလိုက် အမှတ်ခွဲခြားပြီး တက်ရောက် ခွင့်ပြုထားခြင်း ဖြစ်သည်။ ကျောင်းသားများမှာ ကိုယ် တိုင်စိတ်ဝင်စားသည့် တက္ကသိုလ်၊ အထူးပြု ဘာသာရပ်ကို လေ့လာခွင့်မရဟု ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြသည်။
“စိတ်မ၀င်စားဘဲနဲ့ ဘာသာရပ် တစ်ခုကို လေ့လာနေရမယ်ဆိုရင် သူတို့ ဉဏ်လည်းမဖွံ့ဖြိုးဘူး။ သူတို့ အနေနဲ့ ဒီ ဘာသာရပ်နဲ့ပတ်သက်လို့ ဘာမှတန်ဖိုးရှိတဲ့ ပံ့ပိုးမှုတွေ လုပ်ပေးနိုင်မှာ မဟုတ်ဘူး” ဟု ၎င်းက ရှင်းပြသည်။
ပညာရေးပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER)တွင် ဦးဆောင်ပါဝင်နေသူ ဒေါက်တာသိန်း လွင်ကလည်း တစ်စုံတစ်ယောက်၏ တိုက်တွန်းမှုဖြင့် သင်ရသည့်ပညာရေးမျိုးမဟုတ်ဘဲ ကျောင်းသားများ ၏ ၀ါသနာအလျောက်သင်ရသည့် စနစ်မျိုးဖြစ်သင့်ပြီဟု မဇ္ဈိမကိုပြောသည်။
လက်ရှိ ကျောင်းသားများသည် တီထွင်ဖန်တီးနိုင်စွမ်းနှင့် စဉ်းစားရသည့် မေးခွန်းမျိုးကို လက်မခံကြသည့် အတွက် ပညာရေးစနစ်တစ်ခုလုံးပြင်ရန် လိုအပ်နေပြီလားဟု ပြည်ထောင်စု လွှတ်တော်သို့ လာရောက် လေ့လာသည့် ASEAN Economic Study မှ ဆရာမတစ်ဦးက ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းခဲ့သေး သည်။
အဆိုပါကိစ္စသည် ပညာရေးစနစ် တစ်ခုလုံးနှင့်သက်ဆိုင်ပြီး အခြေခံကျောင်းမှာကတည်းက ကျောင်းသား များကို အလေ့အကျင့် လုပ်ပေးရန်လိုမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆရာမ၏မေးခွန်းကို ပြန်လည်ဖြေ ကြားသည်။
No comments:
Post a Comment