Saturday, March 22, 2014

စားသုံးသူဥပဒေနှင့်မညီသော ငါးပိလုပ်ငန်းများကို အရေးယူမည်

မို့မို့သန္တာ

သင်တန်းပေးဆောင်ရွက်ပြီးသည်အထိ စည်းကမ်းနှင့်အညီ ဆောင်ရွက်ခြင်း မရှိသော ငါးပိ၊ ငါးခြောက်၊ ငံပြာရည် ထုတ်လုပ်သည့် လုပ်ငန်းများကို စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေနှင့်အညီ အရေးယူမှု ဆောင်ရွက်နိုင်ရန် ကူညီသွားမည်ဖြစ်သည်ဟု မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးဟန် ထွန်းက မဇ္ဈိမကို ပြောသည်။

မြန်မာ့အခြေခံ စားသောက်ကုန်ဖြစ်သည့် ရေချိုငါးပိနှင့် မျှင်ငါးပိများကို စစ်ဆေးမှုများပြုလုပ်ရာတွင် တား မြစ်ဆိုးဆေးများ၊ ဓာတုဆေးများ ပါဝင်မှုများရှိနေဆဲဖြစ်ရာ စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများ ဆောင် ရွက်ရန်အတွက် ယင်းသို့အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်သည်ဟု မတ်လ ၁၈ ရက် ကျင်းပသော မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ပုံမှန်အစည်းအဝေးတွင် ပြောခဲ့ခြင်း ဖြစ်သည်။

ဦးဟန်ထွန်းက “အခုဆိုရင် စားသုံးသူဘက်က ဥပဒေလဲထွက်လာပြီ။ ငါးပိကလည်း မြန်မာနိုင်ငံရဲ့အဓိက အခြေခံ အစားအသောက် ဖြစ်နေတယ်။ အဲ့ဒီအတွက် အသိပညာပေးမှုတွေ လုပ်မယ်။ စားသုံးသူတွေကို လဲ ကျန်းမာရေး ဗဟုသုတတွေ ပေးသွားမယ်” ဟုပြောသည်။

ငါးပိထုတ်လုပ်မှု လုပ်ငန်းများအတွက် ကောင်းမွန်သောထုတ်လုပ်ရေး ကျင့်ဝတ်များကို ဟောပြောပွဲများ ဆောင်ရွက်လျက် ရှိနေသော်လည်း ထိရောက်မှုမရှိသဖြင့် သင်တန်းများပို့ချရန် လိုအပ်လာခြင်းဖြစ်သည် ဟု ဦးသိန်းဟန်က ဆက်လက်ပြောကြားသည်။

ငံပြာရည်ထုတ်လုပ် ရောင်းဝယ်သူ တစ်ဦးက“ လမ်းဘေးရောင်းနေတဲ့ အကြော်တွေ၊ အသုတ်တွေမှာလဲ ရောဂါရနိုင်တာဘဲ။ အားလုံးကို ပြန်ပြင်ရမှာပဲလေ။ အဓိက ကတော့ စားသုံးသူတွေကို အသိဥာဏ် တိုး ပွားအောင် လုပ်ပေးရမှာပါ” ဟုပြောသည်။

စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေတွင်မူ မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို ပြဋ္ဌာန်းချက် တစ်ရပ် အား ဖောက်ဖျက် ကျူးလွန်ကြောင်း ထင်ရှားစီရင်ခြင်းခံရပါက သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမည်ဟု ပါဝင်သည်။

ထို့အတူ ပုဒ်မ ၁၀၊ ပုဒ်မခွဲ(စ)တွင် အမျိုးအစားတူ အရေးအသွေးနိမ့် ကုန်စည်ကို ရောနှောရောင်းချခြင်းနှင့် အမျိုးအစားမတူ စားသုံးရန်မသင့်သော ကုန်စည်ကို ရောနှောရောင်းချခြင်းသည် ပြစ်မှု ထင်ရှားကြောင်း အချက်တစ်ချက်အဖြစ် ပါဝင်ခြင်း ဖြစ်သည်။

No comments: