ဇော်ဇော်ထွေး
သမီးဖြစ်သူမှာ တရုတ်မယားအဖြစ် ရောင်းစားခံရပြီး ကလေးတစ်ဦးပါ ရရှိနေသည်ဟု ဆိုကာ မိခင်ဖြစ်သူ၏ အမှုဖွင့် တိုင်တန်းမှုကို ရွှေပြည်သာ ရဲစခန်းက မတ်လ ၁၈ ရက်တွင် အမှုဖွင့် ဆောင်ရွက်လျက်ရှိသည်။
အမှုကို ရွှေပြည်သာမြို့နယ် (၆)ရပ်ကွက်နေ ကာယကံရှင်အမျိုးသမီး၏ မိခင်ဖြစ်သူ အသက် ၆၀ အရွယ် အမျိုးသမီးကြီးက အမှုဖွင့် တိုင်တန်းခဲ့ခြင်း ဖြစ်သည်။
၂၀၁၂ ခုနှစ်အတွင်းက အသက် ၂၆ နှစ်ရှိ သမီးဖြစ်သူကို ရွှေပြည်သာမြို့နယ် (၁၈)ရပ်ကွက်နေ မစိုးစိုး (စိစစ်ဆဲ)ဆိုသူက ရှမ်းပြည်နယ် ယူနီဆက်ဆေးဝါး ဖြန့်ဖြူးရေးစက်ရုံတွင် အလုပ်လုပ်ကိုင်ရန်အတွက် လူလိုအပ်နေသည်ဟု လာရောက်စည်းရုံးပြောဆိုခဲ့သည်ဟု တရားလိုက ရဲထံတိုင်ကြားထားသည်။
ထို့ပြင် လုပ်ခလစာမှာလည်း တစ်လလျှင် တစ်သိန်းခွဲမှ နှစ်သိန်းအထိ ရရှိမည်ဟု ပြောဆိုသဖြင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၇ ရက်တွင် သမီးဖြစ်သူအး လာရောက်ခေါ်ဆောင်သွားခဲ့သည်ဟု ဆိုသည်။
ထို့နောက် လုံးဝအဆက်အသွယ်မရတော့ဘဲ ၂၀၁၄ ခုနှစ် မတ်လ ၁၆ ရက်တွင် သမီးဖြစ်သူက မိခင်ထံ ပြန်လည် ဆက်သွယ်လာပြီး တရုတ်အမျိုးသားတစ်ဦးထံ ရောင်းစားခြင်းခံရကြောင်း ပြောပြခဲ့သည်ဟု ရဲစခန်းတွင် ပြန်လည်ပြောပြထားသည်။
ထို့ပြင် အဆိုပါ တရုတ်အမျိုးသားနှင့် ပေါင်းသင်းခဲ့ရသဖြင့် ကလေး တစ်ဦးရရှိနေပြီး မြန်မာပြည်သို့ ပြန်လည်ခေါ်ရန် ဆက်သွယ်ခဲ့သည်ဟု ဆိုသည်။
ထို့ကြောင့် သမီးဖြစ်သူကို တရုတ်အမျိုးသားထံ ရောင်းစားခဲ့သည့် မစိုးစိုး ဆိုသူကို အရေးယူပေးရန် အမှုဖွင့် တိုင်တန်းခဲ့ခြင်းလည်း ဖြစ်သည်။
“တရုတ်ပြည်ရောက်နေတဲ့ အမျိုးသမီးကိုတော့ ကျွန်တော်တို့ လူကုန်ကူးမှု တားဆီး ကာကွယ်ရေးအထူးအဖွဲ့ကနေ အဆင့်ဆင့် ချိတ်ဆက်ပြီး နေရပ်ကို ပြန်လည်ခေါ်ဆောင်ဖို့ ဆောင်ရွက်ပေးသွားမှာပါ” ဟု အမှုစစ် အရာရှိဖြစ်သူ ရဲအုပ် အောင်ဇော်ထွန်းက ပြောပြခဲ့သည်။
ယင်းတိုင်တန်းမှုကို ရဲစခန်းက (ပ)၁၇၄/၂၀၁၄ ဖြင့် အမှုဖွင့်လိုက်ပြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် အရေးယူရန် ဖော်ထုတ်ဖမ်းဆီးသွားမည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။
၂၀၁၃ ခုနှစ်အတွင်းတွင်လည်း ရွှေပြည်သာမြို့နယ်သည် လူကုန်ကူးခံရမှု ၄ ခုအထိ ရှိခဲ့ပြီး ရန်ကုန်တိုင်း တစ်တိုင်းလုံးတွင် အများဆုံးဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
No comments:
Post a Comment