နန်းမြင့်
လက်ရှိတွင် ပုဂ္ဂလိကအာမခံလုပ်ငန်းများသည် မြန်မာငွေဖြင့်သာ လုပ်ငန်းလုပ်ကိုင်ခွင့်ရပြီး နောက်ပိုင်း တွင် လုပ်ငန်းစွမ်းဆောင်မှုမြင့်မားသည့် ပုဂ္ဂလိကအာမခံကုမ္ပဏီများကို နိုင်ငံခြားငွေဖြင့် လုပ်ကိုင်ခွင့်ပေးမည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။
နိုင်ငံခြားငွေဖြင့် လုပ်ကိုင်ခွင့်ပေးမည့်အချိန်ကို အတိအကျမသိရသေးသော်လည်း သတ်မှတ်ထားသည့် ၀င်ငွေပေါ်မူတည်ပြီး လုပ်ငန်းစွမ်းဆောင်မှုမြင့်မားသည့် ပုဂ္ဂလိကအာမခံကုမ္ပဏီများကို ဦးစားပေးမည်ဟု ဆိုသည်။
ဒေါက်တာမောင်မောင်သိမ်းက “ဒေါ်လာနဲ့လုပ်ကိုင်ဖို့က ခွင့်ပြုလိုက်ပြီး လုပ်ငန်းဆောင်ရွက်မှု သတ်မှတ် ထားတာ မီရင်ပေးမယ်။ မမီတဲ့သူတွေကို မီသွားတဲ့အချိန် ပေးမယ်။ လုပ်ငန်းစွမ်းဆောင်ရည်မီတဲ့သူကို အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့က ထုတ်ပြန်သွားမယ်”ဟု ပြောသည်။
ဒုဝန်ကြီးက ပြီးခဲ့သည့် ဖေဖော်ဝါရီ တတိယအပတ်အတွင်း ရန်ကုန်မြို့ မြန်မာ့အာမခံလုပ်ငန်းတွင် ပုဂ္ဂလိ ကအာမခံကုမ္ပဏီများနှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိ အာမခံလုပ်ငန်းများတွင် မြန်မာ့အာမခံလုပ်ငန်းကသာ နိုင်ငံခြားငွေဖြင့် သုံးစွဲခွင့်ကို အမေရိကန် ဒေါ်လာ တစ်သိန်းရရှိထားသည်ဟုလည်း ဒု-၀န်ကြီးက ဆိုသည်။ ပုဂ္ဂလိကအာမခံကုမ္ပဏီများကို နိုင်ငံ ခြားငွေ လုပ်ကိုင်ခွင့်ပေးလျှင် အမေရိကန်ဒေါ်လာ ၅၀၀၀၀ စတင်ပေးမည်ဖြစ်သည်။
ကမ္ဘောဇကုမ္ပဏီမှ အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာဦးညိုမြင့်က “နိုင်ငံခြားကုမ္ပဏီတွေက လာမေးတယ်။ နိုင်ငံခြားငွေကိုင်လို့မရတဲ့အတွက် ဘာမှလုပ်လို့မရဘူး”ဟု အစည်းအဝေးတွင် ပြောသည်။
ပုဂ္ဂလိကအာမခံကုမ္ပဏီများ လုပ်ကိုင်ခွင့်ရပြီး ခြောက်လတာကာလအတွင်း တချို့ကုမ္ပဏီများသည် တစ် လလျှင် ကျပ်သန်းပေါင်း ၃၀၀ ခန့်ရှာနိုင်သည့် အနေအထားရှိသဖြင့် နိုင်ငံတကာစံနှုန်းမီသော်လည်း တ ချို့ကုမ္ပဏီများသည် သုံးလအတွင်း ကျပ်သန်း ၂၀၀ ခန့်သာ ရှာနိုင်သည်။ ပုဂ္ဂလိက အာမခံကုမ္ပဏီများ လုပ်ကိုင်ခွင့်ကို ၂၀၁၃ ခုနှစ် မေလ ၂၈ ရက်က လုပ်ကိုင်ခွင့်ပေးခဲ့ပြီး အာမခံကုမ္ပဏီ ၁၂ ခု ရှိသည်။
No comments:
Post a Comment