တင်ဇာအောင်
၈၈ မျိုးဆက် ခေါင်းဆောင် ဦးကိုကိုကြီးနှင့် မခင်သူသူဝင်းတို့၏ မင်္ဂလာလက်မှတ်ရေးထိုးပွဲကို မတ် ၅ ရက်၊ နံနက် ကိုးနာရီကျော်က ရန်ကုန်မြို့ တရားရုံးချုပ်တွင် ပြုလုပ်ခဲ့သည်။
မင်္ဂလာ လက်မှတ်ရေးထိုးခြင်းကို ရန်ကုန်မြို့၊ တရားရုံးချုပ်တွင် တိုင်းတရားလွှတ်တော် တရားသူကြီး ဦးမျိုးမြင့်ထံ၌ ရေးထိုး ခဲ့ပြီး အသိသက်သေများအဖြစ် ၈၈မျိုးဆက်ခေါင်းဆောင် မင်းကိုနိုင်၊ မမီမီလွင် (မဗျားစိန်) တို့က ပြုလုပ်ခဲ့သည်ဟုကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုမာကီး၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် ဖော်ပြခဲ့သည်။
မင်္ဂလာပွဲများကို မခင်သူသူဝင်း၏ ဇာတိမြို့ ကလေးနှင့် ရန်ကုန်မြို့တို့တွင် ကျင်းပမည်ဖြစ်ကာ ကလေးတွင် မတ်လ အတွင်းနှင့် ရန်ကုန်တွင် ဧပြီလအတွင်းတွင် ကျင်းပမည်ဖြစ်ပြီး ရက်အတိအကျကိုမူ မသိရသေးဟု ကိုမာကီးက မဇ္ဈိမကို ပြောသည်။
၎င်းက “မင်္ဂလာဆောင်မှာ ၈၈ ညီအစ်ကို မောင်နှမတွေ တော်တော်များများ လိုက်ပါသွားကြမှာပါ“ ဟု ဆိုသည်။
မခင်သူသူဝင်းသည် စစ်ကိုင်းတိုင်း ၊ ကလေးမြို့မှ ဖြစ်ကာ သူ၏ ဖခင် ဒေါက်တာသိန်းဝင်း (ကွယ်လွန်) သည် ၁၉၉ဝ ခုနှစ်ရွေးကောက်ခံ NLD ကိုယ်စားလှယ် တစ်ဦးဖြစ်ကာ မိခင်မှာ ဒေါ်ကြည်ကြည်မြင့် ဖြစ်သည်။
ကိုမာကီးက “ ဒေါက်တာသိန်းဝင်းက ၁၉၉ဝ က ရွေးကောက်ခံ ကိုယ်စားလှယ်ပါ။ ကလေးမှာ ထောင်ကျတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ၊ မိသားစုဝင်တွေကို အမြဲ အကူအညီ ပေးပါတယ်။ ကလေးထောင်မှာ ကျဖူးသူတိုင်း ဒေါက်တာသိန်းဝင်း မိသားစုနဲ့ မကင်းကြပါဘူး“ ဟု ဆိုသည်။
၎င်းတို့ နှစ်ဦးသည် ၂ဝဝ၆ ခုနှစ်ကပင် စတင် ချစ်ကြိုက်ခဲ့ခြင်းဖြစ်ကာ မခင်သူသူဝင်းသည် အမေရိကန် ဗီဇာမဲပေါက်၍ ပြီးခဲ့သည့် နှစ်များက အမေရိကန်နိုင်ငံတွင် နေထိုင်ခဲ့ခြင်းဖြစ်ပြီး ယခု လက်ထပ်ရန်အတွက် မြန်မာနိုင်ငံသို့ အပြီးပြန်လာခြင်းဖြစ်သည်ဟုလည်း ကိုမာကီးက ဆိုသည်။
No comments:
Post a Comment