Sunday, March 23, 2014

တေးသံရှင်အမျိုးသမီး ၁၀ ဦးကို အမျိုးသမီး အခွင့်အရေးနှင့် ခေါင်းဆောင်မှု သင်တန်းပေး

ခင်မြတ်မြတ်ဝေ

အမျိုးသမီးတေးသံရှင် ဆယ်ဦးအား အမျိုးသမီးအခွင့်အရေးနှင့် ပတ်သက်သည့် တေးသီးချင်းများ သီဆိုရာတွင် ပိုမိုအသက်ဝင်စေရန် “အမျိုးသမီးအခွင့်အရေးနှင့် ခေါင်းဆောင်မှု”သင်တန်းကို မတ်လ ၁၈ ရက်နှင့် ၁၉ ရက်က ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ စကားဝါလမ်းရှိ ဒိုင်းမွန်းကွန်ဒိုသင်တန်းခန်းမတွင် ပြုလုပ်ခဲ့ ကြောင်း အမျိုးသမီးအဖွဲ့များကွန်ရက်(မြန်မာ)မှ ညှိနှိုင်းရေးမှူးဒေါ်မာမာချိုက မဇ္ဈိမကို ပြောသည်။

အဆိုပါသင်တန်းကို အမျိုးသမီးများအဖွဲ့ကွန်ရက်(မြန်မာ)နှင့် Oxfam အဖွဲ့တို့မှ ပူးပေါင်းကျင်းပခြင်းဖြစ် ပြီး ထိုအဖွဲ့အစည်းနှစ်ခုကပင် အကောင်အထည်ဖော်ဆောင်နေသည့် “အမျိုးသမီးဦးဆောင်ရေး အခွင့်အလမ်းများ ဖန်တီးပေး” တေးသီချင်းပြိုင်ပွဲတွင် ရွေးချယ်ခံရသည့် တေးသီချင်းများကို ယခုသင်တန်းတက် ရောက်ခဲ့သည့် တေးသံရှင်များက သီဆိုရမည် ဖြစ်သည်။

“အနုပညာရှင်တော်တော်များများက အမျိုးသမီးအခွင့်အရေးနဲ့ပတ်သက်ရင် သိပ်မသိကြဘူး။ ဒီပြိုင်ပွဲက ပထမဆုံးပြုလုပ်တာဖြစ်တဲ့အတွက် သီချင်းသီဆိုပေးမယ့်သူတွေကိုယ်တိုင် အမျိုးသမီးအခွင့်အရေးတွေကို နားလည်ဖို့လိုပါတယ်။ အဲဒါမှ သီချင်းဆိုရင် ပိုအသက်ဝင်မှာပါ။ ဒါကြောင့် အမျိုးသမီးအခွင့်အရေး ခေါင်းဆောင်မှုသင်တန်းကို ပို့ချရတာပါ”ဟု ဒေါ်မာမာချိုက သင်တန်းပေးရခြင်းအကြောင်းကို ပြောသည်။

အဆိုပါသင်တန်းတွင် တေးသံရှင် သျှီနှင့် ဆုန်သင်းပါရ် အပါအ၀င် သံစဉ်များနှင့်ကမ္ဘာသီချင်းဆိုပြိုင်ပွဲ အစီအစဉ်မှ တိုင်းရင်းသားတေးသံရှင် ဆယ်ဦးကို သင်ကြားပေးခဲ့ခြင်းဖြစ်သည်။ ၎င်းတိုင်းရင်းသားတေး သံရှင်များထဲမှ ကချင်၊ ရှမ်း၊ ချင်း၊ လီဆူး၊ ရခိုင်၊ မွန်၊ ဗမာ စသည့် တိုင်းရင်းသားများကို ရွေးချယ်ထားပြီး တိုင်းရင်းသားများအကြား အမျိုးသမီးအခွင့်အရေးနှင့်ပတ်သက်၍ ပိုမိုသိရှိစေရန် တေးသီချင်းများကို မိမိ တို့ကျွမ်းကျင်ရာ ဘာသာစကားများဖြင့် သီဆိုဖျော်ဖြေပေးရမည် ဖြစ်သည်။

အဆိုပါ တေးသီချင်းပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်လိုသူများသည် မိမိတို့ရေးစပ်ထားသည့် တေးသီချင်းများကို မတ်လ ၃၁ ရက်တွင် နောက်ဆုံးထား ပေးပို့ရမည်ဖြစ်ပြီး စိစစ်အရွေးချယ်ခံရသည့် တေးသီချင်းများကို အမျိုးသမီးများအဖွဲ့ကွန်ရက်(မြန်မာ)က အကြောင်းကြားပေးသွားမည်ဖြစ်ကာ သီဆိုယှဉ်ပြိုင်ရမည့်နေ့ကို မကြာမီ ထုတ်ပြန်ပေးမည် ဖြစ်သည်။

No comments: