Monday, March 3, 2014

ဒုတိယအကြိမ် တိုင်းရင်းသားမီဒီယာညီလာခံမှ တိုင်းရင်းသားမီဒီယာကွန်ယက်တစ်ခုဖွဲ့စည်းမည်

ဂျွန်ချစ်ငြိမ်း

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် မတ်လ ၄ရက် မှ ၆ရက်အထိ ပြုလုပ်မည့် ဒုတိယအကြိမ်မြောက် တိုင်းရင်းသားမီဒီယာ ညီလာခံတွင် တိုင်းရင်းသား မီဒီယာကွန်ယက် တစ်ခု ဖွဲ့စည်းသွားမည်ဟု တိုင်းရင်းသားမီဒီယာညီလာခံ (‌တောင်‌ကြီး) ဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင် ကိုမင်းမင်းလတ် (သံလွင်တိုင်းမ်)က မတ် ၁ ရက်တွင် မဇ္ဈိမကို ပြောသည်။

"အဓိက ကတော့ တိုင်းရင်းသား မီဒီယာ တွေဖွံ့ဖြိုးဖို့ ရည်ရွယ်တယ်။ တိုင်းရင်းသား မီဒီယာတွေ ဆိုတာ ငွေရေးကြေးရေး၊ နည်းပညာပိုင်း အစစ အရာရာ အားနည်းနေသေးတယ်" ဟု ကိုမင်းမင်းလတ် (သံလွင်တိုင်းမ်)က ပြောသည်။

ယင်းကွန်ယက်ကို တိုင်းရင်းသားမီဒီယာထဲမှာရှိသည့် အယ်ဒီတာများ၊ သတင်းသမားများဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး တိုင်းရင်းသား မီဒီယာ အချင်းချင်း နည်းပညာပိုင်း အတွေ့အကြုံ ဖလှယ်ရန်၊ တိုင်းရင်းသား မီဒီယာများအကြား ဘာသာစကားအခက်အခဲနှင့် အခြား တွေ့ကြုံနိုင်သည့် အခက်အခဲများကို ကူညီရန် ဖွဲ့စည်းမည်ဟု သိရသည်။

ယင်းကဲ့သို့ တိုင်းရင်းသား မီဒီယာ အခန်းကဏ္ဍ အားနည်းနေသေးသည့်အတွက် တိုင်းရင်းသားမီဒီယာ ညီလာခံမှ တဆင့် မည်ကဲ့သို့ လုပ်ဆောင်သွားနိုင်မည်ကို ဝိုင်းဝန်းဆွေးနွေးသွားမည်ဟု ၎င်းကဆိုသည်။

ဆွေးနွေးမှု အပိုင်းတွင်လည်း မီဒီယာ ဖွံ့ဖြိုးတိုးတက်ရန်နှင့် တိုင်းရင်းသားမီဒီယာ ညီလာခံမှ တဆင့် ကွန်ယက် တစ်ခု ဖွဲ့စည်းသွားနိုင်ရန် ရည်ရွယ်ထားသည် ဟု တိုင်းရင်းမီဒီယာညီလာခံ (‌တောင်‌ကြီး)
ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင် ကိုမင်းမင်းလတ် (သံလွင်တိုင်းမ်) က ဆိုသည်။

တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို အဓိက Main Stream Media(ပင်မမီဒီယာ) တွေ အနေနဲ့ ဖော်ပြမှု အားနည်းနေတဲ့အတွက် တိုင်းရင်းသား မီဒီယာတွေ ဖွံ့ဖြိုးတိုးတက်ဖို့လိုအပ်တယ်"ဟု တိုင်းရင်းမီဒီယာညီလာခံ (‌တောင်‌ကြီး) ဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင် ကိုမင်းမင်းလတ် (သံလွင်တိုင်းမ်)က ဆိုသည်။

ဆွေးနွေးပွဲ သုံးရက်တာမှ ရရှိလာမည့် အချက်အလက်များကို အခြေခံပြီး ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်သွားရန် ရည်ရွယ်ထားပြီး ပထမအကြိမ် မော်လမြိုင်မြို့တွင် ပြုလုပ်ခဲ့သည့် တိုင်းရင်းသားမီဒီယာ ညီလာခံတွင်လည်း လွတ်လပ်စွာရေးသားခွင့်၊ မီဒီယာ ဥပဒေတွင် တိုင်းရင်းသား မီဒီယာများ၏ အခန်းကဏ္ဍကို တိတိကျကျ သတ်မှတ်ပေးရန် စသည့်အချက်များ အပါအဝင် အချက် (၄) ချက် ထုတ်ပြန်ခဲ့သည်။

တောင်ကြီးမြို့ တွင် မတ်လ ၄ ရက်မှ၆ ရက်အထိ ဒုတိယအကြိမ် ကျင်းပပြုလုပ်မည့် တိုင်းရင်းသား မီဒီယာ ညီလာခံကို နိုင်ငံတကာမြန်မာ့သတင်း (Burma News International-BNI) ၊ သျှမ်းသံတော်ဆင့် သတင်းဌာနနှင့် ရိုးမ အလင်း လူမှုကွန်ယက် (တောင်ကြီး)တို့က ပူးပေါင်း စီစဉ် ဆောင်ရွက် ခြင်းဖြစ်သည်။

တောင်ကြီးတွင် ပြုလုပ်မည့် တိုင်းရင်းသားမီဒီယာ ညီလာခံသို့ တစ်နိုင်ငံလုံးမှ တိုင်းရင်းသား မီဒီယာ အဖွဲ့ပေါင်း (၄၀) ကျော်၊ BNIအဖွဲ့ဝင် မီဒီယာများ၊ အခြားမီဒီယာသမားများ၊ မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ တာဝန်ရှိသူများ ၊ ပြန်ကြားရေးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်၊ ဦးခွန်ထွန်းဦး၊ ဦးခွန်မြင့်ထွန်း၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) ၊ MJA ၊MJU ၊ MJN နှင့် အခြားဒေသခံ တိုင်းရင်းသား မီဒီယာသမားများ တက်ရောက်မည် ဖြစ်သည်။

No comments: