Tuesday, March 25, 2014

အလောင်းတော်ကဿပ ဘုရားဖူးယာဉ်တိမ်းမှောက်ရာ နှစ်ဦးသေ၊ ၂၅ ဦးဒဏ်ရာရ

ကိုတိုးကြီး

အလောင်းတော်ကဿပ ဘုရားဖူးသွားကားလမ်းတွင် ယခု လ ၂၃ ရက်က ဘုရားဖူးယာဉ်စီး တိမ်းမှောက်ရာ နှစ်ဦးသေဆုံးပြီး၊ ၂၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု စစ်ကိုင်းတိုင်း ရဲတပ်မှူးရုံးက သတင်းထုတ်ပြန်သည်။

အလောင်းတော်ကဿပ ဘုရားတောင်မှ ကပိုင်ကျေးရွာသို့ တောင်ပေါ်လမ်းအတိုင်း ပြန်ဆင်းလာသည့် ဒိုင်နာယာဉ်အမျိုးအစားသည် သနပ်ခါးရေကွေ့ နေရာအရောက်တွင် ဆိုင်ကယ်တစ်စီးအား တိမ်းရှောင်စဉ် အနက်(၈)ပေရှိသော ချောက်ထဲသို့ ထိုးကျခဲ့ခြင်းဖြစ်သည်။

ယာဉ်ပေါ်ပါ ဘုရားဖူးခရီးသည်များအနက် ကျား (၅) ဦး၊ မ (၂၀) ဦး စုစုပေါင်း ခရီးသည် (၂၅) ဦးတို့သည် ဒဏ်ရာများရရှိခဲ့ပြီး အမျိုးသားတစ်ဦးမှာ အခင်းဖြစ်ရာတွင် သေဆုံးခဲ့ပြီး အသက် ၆၀ အရွယ် အမျိုးသမီးကြီးမှာ မုံရွာပြည်သူ့ဆေးရုံပေါ်သို့ တင်ပို့စဉ် သေဆုံးခဲ့သည်။

အဆိုပါ ယာဉ်တိမ်းမှောက်ရာတွင် ဒဏ်ရာရရှိ၊ သေဆုံးသူများသည် မန္တလေး၊ အမရပူရမြို့နယ်တွင် နေထိုင်သူများဖြစ်သည်ဟု လူနာစာရင်းမှတ်တမ်းများတွင် ဖော်ပြထားသည်။

အလောင်းတော်ကဿပ ဘုရားဖူးလမ်းသည် တောင်တက်တောင်ဆင်း အလွန်မတ်စောက်ပြီး မြေသားလမ်း များဖြစ်သည့်အတွက် ဘုရားဂေါပကအဖွဲ့မှ ထိုလမ်းကို သွားလာရာတွင် ယာဉ်အမျိုးအစားအလိုက် စီးနင်းလိုက်ပါရန် စည်းကမ်းချက်များ ထုတ်ပြန်ထားသည်။

ယင်းမာပင်မြို့မရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်များသည် အဆိုပါ ယာဉ်တိမ်းမှောက်သည့် နေရာသို့ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ သေဆုံး/ ဒဏ်ရာရစာရင်း အတည်ပြုပြီးပါက တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် ယင်းမာပင်မြို့မရဲစခန်းက ယာဉ်(ပ) ၁၁/၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၄(က)၊ ၃၃၇/၃၃၈ အရ ဆောင်ရွက်လျက်ရှိသည်။

No comments: