Monday, March 3, 2014

တာမွေတွင် သိန်း ၁၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဇော်ဇော်ထွေး

တာမွေမြို့နယ်တွင် ကျပ်သိန်း ၁၀၀ တန်ဖိုးရှိ မူးယစ်ဆေးပြားများကို ဖေဖော်ဝါရီ ၂၆ ရက်က ဖမ်းဆီးရမိ သဖြင့် မြို့နယ်ရဲစခန်းက အမှုဖွင့်ပြီး ဆက်လက်စစ်ဆေးဖော်ထုတ်နေသည်ဟု မြို့နယ်ရဲစခန်းမှ ရဲတပ်ဖွဲ့ ၀င်တစ်ဦးက ပြောသည်။

အမှုမှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များသည် မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ မေတ္တာညွှန့်ရပ်ကွက်၊ ၀ဏ္ဏသိင်္ဂီလမ်းရှိ တိုက်ခန်းတစ်ခုကို နံနက် ၉ နာရီခွဲတွင် ၀င်ရောက်ရှာဖွေခဲ့ကြခြင်း ဖြစ်သည်။

ထိုတိုက်ခန်းတွင် မူးယစ်ဆေးဝါးရောင်းဝယ်နေကြောင်း ရဲတပ်ဖွဲ့က ကြိုတင်သတင်းရရှိခဲ့ပြီး ကျော်ဇင်ထိုက် (၃၇)နှစ်ကို ၎င်း၏ နေအိမ်ရှေ့ခန်းတွင် တွေ့ရှိခဲ့သည်။

ထို့နောက် ဆက်လက်ရှာဖွေရာတွင် ကျပ်သိန်း ၁၀၀ တန်ဖိုးရှိ မူးယစ်စိတ်ကြွဆေးပြား ၂၀၀၀ကို တစ်အိတ် လျှင် ၂၀၀ ပြားစီပါ အပြာရောင်ကပ်ခွာအိတ် ၁၀ အိတ်ဖြင့် ထည့်လျက်တွေ့ရှိသိမ်းဆည်းနိုင်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

အမှုတွင် ပါဝင်သည်ဟု ယူဆသည့် ဟွန်ဒါအမျိုးအစား ကားတစ်စီးကိုလည်းဒဂုံလွင်လမ်းနှင့် ၀ဏ္ဏသိင်္ဂီလမ်း ထောင့်တွင်တွေ့ရှိ သိမ်းဆည်းလိုက်သည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။မူးယစ်ဆေးပြားများ ဖမ်းဆီးမှုကို တာမွေရဲစခန်းက မယ(ပ)၃/၂၀၁၄ ဖြင့် အမှုဖွင့်ခဲ့ပြီး လက်ဝယ်တွေ့ရှိသူ ကျော်ဇင်ထိုက်ကို မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀(က)ဖြင့် အရေးယူ ရန် ဒု-ရဲအုပ်ခင်ဝင်းက ဆက်လက်စစ်ဆေးလျက်ရှိသည်။

No comments: