Thursday, March 27, 2014

ဘင်္ဂါလီများအပေါ် ဖိနှိပ်မှု ရပ်တန့်ရန် အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီ တိုက်တွန်း

အေပီ

မြန်မာနိုင်ငံ၏ လူနည်းစု ဘင်္ဂါလီများ (မူရင်းအခေါ်အဝေါ် ရိုဟင်ဂျာ) အပေါ် ဖိနှိပ်မှုများကို ရပ်တန့်ရန် အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီက တိုက်တွန်းခဲ့ပြီး ထိုတိုက်တွန်းဝေဖန်မှုသည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ဖော်ဆောင်လျက်ရှိသော မြန်မာအစိုးရအား အမေရိကန် လွှတ်တော်၏ အပြင်းထန်ဆုံး ဝေဖန်မှုများအနက်မှ တစ်ခုလည်း ဖြစ်သည်။

အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒအား ကြီးကြပ်ရန် ထိုကော်မတီအား တာဝန်ပေးထားခြင်းဖြစ်ကာ တညီတညွတ်တည်း ထောက်ခံအတည်ပြု လိုက်ကြသည့် ကော်မတီဆုံးဖြတ်ချက်ထဲတွင် မြန်မာနိုင်ငံရှိ လူမျိုးစုများနှင့် ဘာသာရေး လူနည်းစုများအား အကာအကွယ်ပေးနိုင်ရေးအတွက် အမေရိကန် ပြည်ထောင်စု နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံကို ဖိအားပေးကြရန်လည်း တိုက်တွန်းထားသည်။

မြန်မာသံအမတ်ကြီး ဦးကျော်မျိုးထွဋ်ကမူ ထိုအစီရင်ခံစာကို ပယ်ချခဲ့ပြီး ထိုအစီရင်ခံစာထဲရှိ စွပ်စွဲချက်များမှာ အခြေအမြစ်လုံးဝမရှိကြောင်း ဆိုခဲ့သည်။ မြန်မာနိုင်ငံတွင် ဘာသာရေးလွတ်လပ်ခွင့်ကို အာမခံနိုင်ရန်အတွက် လိုအပ်သော ကူညီမှုများနှင့် အကာအကွယ်ပေးမှုများကို အစိုးရက ဆောင်ရွက်လျက်ရှိကြောင်း သူက ဆိုသည်။

ရီပတ်ဘလစ်ကန်ကော်မတီ ဥက္ကဋ္ဌ အက်(ဒ်)ရွိုက်စ် (Ed Royce) ကလည်း “မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ ဆိုးရွားနေဦးမယ်ဆိုရင် မြန်မာအစိုးရနဲ့ သံတမန်ရေးအရ ပြန်လည်ပေါင်းစည်းမှုကို ကျွန်တော်တို့ မလက်ခံ မကြိုဆို နိုင်ပါဘူး” ဟု ပြောသည်။

အမေရိကန် ဒီမိုကရက်တစ် လွှတ်တော်အမတ်ဟောင်း တွမ်အန်ဒရူး(စ်) (Tom Andrews) ဦးဆောင်သော အမေရိကန် အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့သည် ဒုက္ခသည်စခန်းများကို သွားရောက်လေ့လာခဲ့ပြီး၊ ဘင်္ဂါလီများ အနေဖြင့် ဆေးဝါးကုသမှု ခံယူနိုင်ခြင်း ကင်းမဲ့နေကာ၊ တိုက်ခိုက်ခံရမည်ကို ကြောက်ရွံ့စိတ်များဖြင့် နေထိုင်နေရသည်ဟု မတ်လ ၂၄ရက်က ထုတ်ပြန်ခဲ့သည်။

No comments: