Monday, March 3, 2014

အငြိမ်းစား ဒု-ဗိုလ်ချုပ်ကြီးတစ်ဦး ငွေလိမ်ခံရဟုဆို

ဇော်ဇော်ထွေး

ကားဝယ်ရန် ပေးအပ်ထားသည့် ငွေကျပ်သိန်း ၆၀၀ ကို လိမ်လည်သွားသည်ဟုဆို၍ ဒုတိယဗိုလ်ချုပ်ကြီး (အငြိမ်းစား) တစ်ဦး၏ အမှုဖွင့်တိုင်တန်းမှုကို မရမ်းကုန်းရဲစခန်းက ဖေဖော်ဝါရီ ၂၆ ရက်တွင် အမှု ဖွင့် စစ်ဆေးလျက်ရှိသည်။

အဆိုပါ အမှုကို ကမ္ဘာအေးဘုရားလမ်း၊ ကမ္ဘာအေးဗီလာအိမ်ရာ (၅)ရပ်ကွက်တွင် နေထိုင်သည့်အသက် ၇၁ နှစ်အရွယ် အငြိမ်းစားယူထားသည့် ဒုတိယဗိုလ်ချုပ်ကြီးက အမှုဖွင့် တိုင်တန်းထားခြင်း ဖြစ်သည်။

၂၀၁၃ ခုနှစ် မေ ၂ ရက်က ၎င်းထံသို့ ကြည့်မြင်တိုင်မြို့နယ်၊ ထီးတန်းအိမ်ရာမှ (၆၁)နှစ်အရွယ် အရောင်း အ၀ယ်သမားတစ်ဦး ရောက်ရှိလာပြီး ) အနက်ရောင်ကားတစ်စီးကို ငွေကျပ်သိန်း ၈၉၀ဖြင့် နိုင်ငံခြားမှ မှာယူ တင်သွင်းပေးမည်ဟု ပြောဆိုခဲ့သည်ဟု ရဲတိုင်ရာတွင် ပြောပြထားသည်။

ထို့နောက် ၎င်းက ငွေကျပ်သိန်း ၆၀၀ ကို လက်ငင်းပေးချေပြီး ကျန်ငွေကျပ်သိန်း ၂၉၀ကို မော်တော်ယာဉ် ဆိပ်ကမ်းအရောက်တွင် ကျပ်သိန်း ၁၀၀၊ ကားထုတ်ပြီးချိန်တွင် ကျပ်သိန်း ၁၀၀၊ လိုင်စင်ရရှိပါက ကျပ်သိန်း ၉၀ ကျပ်ကို ပေးချေမည်ဟု ပြောဆိုသဘောတူခဲ့သည်ဟု ရဲတိုင်ရာတွင် ထွက်ဆိုထားသည်။

ထိုအချိန်က အဆိုပါအရောင်းအ၀ယ်လုပ်သူက ကားကို ၂၀၁၃ခုနှစ် ဇွန် ၂၀ ရက်တွင် တင်ပို့မည်ဖြစ်ပြီး ပျက်ကွက်ပါက အဆိုပါငွေ၏ နှစ်ဆကို ပေးလျော်မည်ဖြစ်ကြောင်း ပြောဆို၍ နှစ်ဦးသဘောတူ စာချုပ်ချုပ် ဆိုခဲ့သည်ဟု တရားလိုက ဆိုထားသည်။

သို့သော် သတ်မှတ်ရက်ရောက်သည်အထိ ကားကိုလာရောက်ပို့ဆောင်ခြင်း မရှိဘဲ ရှောင်တိမ်းနေသဖြင့် ကားရောင်းဝယ်သမားကို အရေးယူပေးရန် အဆိုပါ ဒုတိယဗိုလ်ချုပ်ကြီး(အငြိမ်းစား)က အမှုဖွင့် တိုင်တန်းခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

ယင်းတိုင်တန်းမှုကို မရမ်းကုန်းရဲစခန်း က (ပ)၅၄/၂၀၁၄ဖြင့် အမှုဖွင့်လိုက်ပြီး ငွေလိမ်လည်သူဟု စွပ်စွဲတိုင်တန်းခံထားရသူကို လိုက်လံရှာဖွေနေကာ ပြစ်မှုမှန်ကန်ပါက ပုဒ်မ ၄၂၀ ဖြင့် အရေးယူမည်ဟုဆိုထား သည်။

No comments: