Wednesday, March 26, 2014

တည်ဆဲဥပဒေများကို မြန်မာ-အင်္ဂလိပ်နှစ်ဘာသာဖြင့် ထုတ်ပြန်ရန် အစိုးရကို အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်းကော်မတီက တိုက်တွန်း

မင်းမင်း

လွှတ်လပ်ရေးမရခင်ကာလမှ လက်ရှိအချိန်ထိ ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေများကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ဘာသာပြန်ပြီး ထုတ်ပြန်ပေးရန် အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်းကော်မတီက ပြည် ထောင်စုအစိုးရအား တိုက်တွန်းလိုက်သည်။

“အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေများကို မြန်မာဘာသာသို့လည်းကောင်း၊ မြန်မာဘာသာဖြင့် ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေများကို အင်္ဂလိပ်ဘာသာသို့လည်းကောင်း ဘာသာပြန်ဆို ထုတ်ပြန်ရေးကိစ္စကိုပြည်ထောင်စုရှေ့နေချုပ်အား အထူးတာဝန်ပေးအပ်၍ ဆောလျင်စွာ ဆောင်ရွက်စေ ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆို”ကို ဥပဒေကြမ်းကော်မတီက မတ်လ ၂၄ ရက် တွင် ပြုလုပ်သည့် အမျိုးသားလွှတ်တော်သို့ တင်ပြခဲ့ခြင်းဖြစ်သည်။

အဆိုကိုဆွေးနွေးရန် လွှတ်တော်အမတ်အားလုံးက သဘောတူခဲ့သည့်အတွက် ဆွေးနွေးလိုသည့် လွှတ်တော်အမတ်များအား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဖိတ်ခေါ်ထားသည်။

ယခုလဆန်းက အမျိုးသားလွှတ်တော်တွင် ပြင်ဆင်သည့် ဥပဒေကြမ်းတစ်ခုကို အတည်ပြုခဲ့စဉ် အင်္ဂလိပ် အသုံးအနှုန်းများစွာပါနေသည့်အတွက် ဦးခင်အောင်မြင့်က ဝေဖန်လိုက်ပြီးနောက် ယင်းအဆို ထွက်ပေါ် လာခြင်းဖြစ်သည်။

တရားမကျင့်ထုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် အင်္ဂလိပ်အသုံးအနှုန်းများစွာပါနေခြင်းကို မတ်လ ၇ ရက်တွင် အတည်ပြုနေစဉ် ဦးခင်အောင်မြင့်က “ဘိုလိုတွေဖတ်ရတာ ရေငတ်တယ်။ ဒီဥပဒေတွေ ဘာသာပြန်တာလည်း ကြာလှပြီ။ အခုထက်ထိ မပြီးသေးဘူးဆိုတော့ အများပြည်သူ ဘယ်လိုလုပ် နား လည်နိုင်မလဲ”ဟု ဝေဖန်ထားခြင်းဖြစ်သည်။

ဥပဒေကြမ်းကော်မတီ၏ တင်ပြချက်အရ အင်္ဂလိပ်ဘာသာဖြင့် ဥပဒေပေါင်း ၁၅၃ ခု ရှိနေသေးသည်။

ဦးခင်အောင်မြင့်က “မြန်မာဘာသာကို ရုံးသုံးဘာသာစကားအဖြစ် တရားဝင် သတ်မှတ်ထားတာလည်း ကြာပါပြီ။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ဒီအတိုင်း ပြဋ္ဌာန်းထားပါတယ်။ ဒါပေမဲ့ ဘာကြောင့် ဒီဥပဒေတွေကို ဘာသာပြန်ဖို့အတွက် လက်နှေးနေသလဲဆိုတာ စာတမ်းပြုစုပြီး လွှတ်တော်ကို တင်သွင်းပေး ပါ”ဟု မတ်လ ၇ ရက်က ပြောခဲ့သည်။

No comments: