Wednesday, March 26, 2014

ကန်နှင့် မြန်မာ ကာကွယ်ရေး အသုံးစရိတ် ရာခိုင်နှုန်း တစ်ထပ်တည်း ဖြစ်နေတာကို အံ့သြဖွယ်တွေ့ရှိရဟု ဆို

အောင်သူရထွန်း

ဧပြီလ ၁ ရက်နေ့တွင် စတင်အသက်ဝင်မည့် ၂၀၁၄-၁၅ ခု ဘဏ္ဍာနှစ်အရ အသုံးခန့်မှန်းခြေငွေစာရင်း နှင့်ပတ်သက်၍ မင်းကင်းမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မွှေးလွင်က ကာကွယ်ရေးအသုံးစရိတ် ၄ ဒသမ ၈ ရာခိုင်နှုန်း သုံးစွဲရန် ဘတ်ဂျက်တင်ပြထားမှုအပေါ် ဝေဖန်ထောက်ပြခဲ့သည်။

“မြန်မာနိုင်ငံရဲ့ ပညာရေးနဲ့ကျန်းမာရေးအသုံးစရိတ်ဟာ အနည်းဆုံးဖြစ်နေပြီး၊ ကာကွယ်ရေးအသုံးစရိတ် ၄ ဒဿမ ၈ ရာခိုင်နှုန်းဖြစ်နေခြင်းဟာ အမေရိကန်နိုင်ငံရဲ့ ကာကွယ်ရေးအသုံးစရိတ်နှင့်(ရာခိုင်နှုန်းအားဖြင့်) တထပ်တည်းဖြစ်နေတာကို အံ့သြဖွယ်တွေ့ရှိရပါတယ်။ ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ပညာရေးမှာ ၂ ဒသမ၂ရာခိုင်နှုန်း၊ ကျန်းမာရေး ၃ ဒသမ ၇၊ ကာကွယ်ရေး ၁ ဒသမ ၄ အသုံးသာရှိတာကို နှိုင်းယှဉ်တွေ့ရှိရပါ တယ်”ဟု ယနေ့ကျင်းပပြုလုပ်သော ပြည်ထောင်စုလွှတ်တော် န၀မပုံမှန်အစည်းအဝေး ၂၇ ရက်မြောက်တွင် ဒေါ်ခင်မွှေးလွင်က လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။

ထို့အပြင် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ၀န်ကြီးဌာနများအလိုက် သုံးငွေအများဆုံးမှာ ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ဒုတိယအများဆုံးမှာ စွမ်းအင်ဝန်ကြီးဌာန၊ တတိယအများဆုံးမှာ ကာကွယ်ရေးဝန်ကြီးဌာန ဖြစ်နေ ပြီး ပညာရေးအသုံးစရိတ်မှာ ဂျီဒီပီ၏ သုညဒသမ ၆ ရာခိုင်နှုန်းနှင့် ကျန်းမာရေးမှာ သုညဒသမ ၂ ရာခိုင် နှုန်း၊ ကာကွယ်ရေးမှာ ၄ ဒသမ ၈ ရာခိုင်နှုန်းအထိ သုံးစွဲနေချိန်တွင် ကမ္ဘောဒီးယားနိုင်ငံ၏ ပညာရေးမှာ ၅ ဒသမ ၇ ရာခိုင်နှုန်း၊ ကျန်းမာရေးမှာ ၂ ဒသမ ၆ ရာခိုင်နှုန်း၊ ကာကွယ်ရေးမှာ ၂ ဒသမ ၄ ရာခိုင်နှုန်းနှင့် လာအိုနိုင်ငံ ပညာရေးမှာ ၃ ဒသမ ၃ ရာခိုင်နှုန်း၊ ကျန်းမာရေးမှာ ၂ ဒသမ ၈ ရာခိုင်နှုန်း၊ ကာကွယ်ရေးမှာ သုည ဒသမ ၂ ရာခိုင်နှုန်းသာရှိကြောင်း ၎င်းက နှိုင်းယှဉ်ပြခဲ့သည်။

တိုင်းပြည်အသုံးစရိတ်နှင့် ဂျီဒီပီ၏အချိုးးများကို အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လေ့လာကြည့်ရာတွင် ဗီယက်နမ်နိုင်ငံနှင့် လာအိုနိုင်ငံသာ မြန်မာနိုင်ငံကဲ့သို့ များပြားကြောင်းလည်း ဖြည့်စွက်ပြောကြားခဲ့သည်။

“ကာကွယ်ရေးအသုံးစရိတ်နဲ့ပတ်သက်ပြီး အခြားသောဝန်ကြီးဌာနများမှ ကျခံရတဲ့စရိတ်များ ပါဝင်ပတ်သက်မှု ရှိနေတာကိုလည်း လေ့လာတွေ့ရှိရပါတယ်၊ တပ်မတော်အတွက် ကျခံပေးရတဲ့ အသုံးစရိတ်တွေ တခြားဘယ်လောက်ထိ ရှိနေသေးတယ်ဆိုတာကို မေးခွန်းထုတ်စရာဖြစ်လာပါတယ်”ဟု ဒေါ်ခင်မွှေး လွင်က ပြောဆိုလိုက်သည်။

ဝင်ငွေများက လျော့နည်းခန့်မှန်းဖော်ပြမှု လက်ရှိအခြေအနေအရ မဖြစ်မနေသုံးစွဲရန် လိုအပ်ခြင်းမရှိသေးသည့် လုပ်ငန်းများ၊ ဆောင်ရွက်နိုင်ခြင်းမရှိသေးသည့် လုပ်ငန်းများအတွက် ထည့်သွင်းခွဲဝေချထားမှုများမှာ နိုင်ငံဘဏ္ဍာကို စိစိစစ်စစ် စနစ်တကျ သုံးစွဲခြင်းမဟုတ်သည့်အတွက် အဟောသိကံဖြစ်စေကြောင်း၊ ဘတ်ဂျက်ရေးဆွဲရာတွင် ခိုင်မာယုံကြည်အားထားရတဲ့ ကိန်းဂဏန်း သတင်းအချက်အလက်များ ဖြစ်ရန် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအတွက် လွန်စွာ အရေးကြီးပါသည်ဟု ၎င်းက ဖြည့်စွက် ပြောသည်။

၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်၏ ရသုံးခန့်မှန်းခြေငွေစာရင်းတွေ ဖော်ပြချက်အရ ယခုနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်သည် မြန်မာကျပ်ငွေ ဘီလီယံပေါင်း ၂,၃၀၀ ကျော်ရှိသည်ဟု ဖော်ပြထားသည်။

No comments: