Tuesday, March 4, 2014

မြို့နယ် အဆင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များက မှတ်သားထားသော စည်းကမ်းမဲ့ ယာဉ်များကို အရေးယူမှု နှစ်လအတွင်း ၁ဝဝဝ ကျော်ရှိ

နန်းမြင့်

မြို့နယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့များက စာရင်းမှတ်ထားသော စည်းကမ်းဖောက်ဖျက်သော ယာဉ်များကို ယာဉ်ထိန်းရဲတပ်ဖွဲ့က အရေးယူရာ နှစ်လအတွင်း အမှုပေါင်း ၁ဝဝဝ ကျော်ရှိသည်ဟု အမှတ်-၂ ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံး၏ ရဲအုပ်ဇော်မျိုးထွန်းက ပြောသည်။

ယာဉ်ထိန်းရဲတပ်ဖွဲ့တွင် မော်တော်ယာဉ်များကို ဖမ်းဆီးအရေးယူရာတွင် တပ်ဖွဲ့ဝင်များက တိုက်ရိုက်ဖမ်းဆီး အရေးယူခြင်းနှင့် မြို့နယ်အဆင့် အုပ်ချုပ်ရေး အဖွဲ့ဝင်များကို ပေးထားသော မှတ်သားဖမ်းဆီး စာအုပ်ဖြင့် မှတ်သားထားသည်များကို အရေးယူခြင်းများ ရှိသည်။ ယင်းသို့ မှတ်သားဖမ်းဆီး စာအုပ်ဖြင့် ဖမ်းဆီးမှုမှာ နှစ်လအတွင်း ၁ဝဝဝ ကျော် ရှိခြင်းဖြစ်သည်။

ရဲအုပ် ဇော်မျိုးထွန်းက “ မှတ်သားဖမ်းဆီးစာအုပ်နဲ့ ဖမ်းတဲ့ယာဉ်မောင်းတွေကို သူတို့မပြောခင် ဘယ်ရက် ဘယ်အချိန် ကားနံပါတ်ဘယ်လောက် ဘာအရောင် ဘယ်အမျိုးအစားဆိုတာပြောတယ်။ အဲဒါကိုသူတို့က အပြစ်ကျူးလွန်ထားတဲ့အတွက် မငြင်းတော့ဘူး” ဟု ပြောသည်။

ယာဉ်ထိန်းရဲတပ်ဖွဲ့က ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ဒုတိယအပတ်က ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းနှင့် မြောက်ပိုင်း မြို့နယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့များကို မှတ်သားဖမ်းဆီးစာအုပ်ပေါင်း ၂ဝဝ နီးပါး ဖြန့်ဝေ ပေးထားပြီး အရေးယူ ဆောင်ရွက်လျက် ရှိသည်။

မော်တော်ယာဉ်များကို မှတ်သားဖမ်းဆီးမှု စာအုပ်တွင် နေ့ရက်/အချိန်၊ နေရာ/မြို့၊ယာဉ်အမှတ် ၊အမျိုးအစား၊ အရောင်၊ ပြစ်မှုကျူးလွန်ပုံ၊ ဖမ်းဆီးသူ၏ လက်မှတ် ၊ အမည်၊ ရာထူး/တာဝန်၊ဌာနတို့ပါဝင်သည်။

လသာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးလွင်မင်းက“မီးနီ ဖြတ်တာ၊ ယာဉ်နှစ်ထပ်ရပ်တာတွေကို မှတ်ပေးတာ။ လိုင်းကားတွေ မှတ်တိုင်မှာ မရပ်တာတွေမှတ်နေပြီး။ မှတ်တမ်းတွေကို အနည်းဆုံးတစ်ပတ်ကို တစ်ကြိမ်ပို့သွားတယ် ။ယာဉ်ထိန်းရဲကို ဝိုင်းကူတာပါ”ဟု ပြောသည်။

ယာဉ်မှုခင်းတစ်ခုဖြစ်ပွားလျှင် တိုက်ပြီးပြေးသည့် မော်တော်ယာဉ်များ များပြားလာသည့်အတွက် ယင်းယာဉ်တိုက်မှု ဖြစ်ပွားရာ အနီးရှိ ပြည်သူများကလည်း မိမိတွေ့ရှိသည့် ကားနံပါတ် ၊အရောင်နှင့်တကွ ကို ယာဉ်ထိန်းရဲတပ်ဖွဲ့ဖုန်း ဝ၁-၂၉၁၂၈၅၊ ၂၉၆၄၅နှင့် ၁၉၉ကို သတင်းပေးနိုင်သည်ဟု ဆိုသည်။

No comments: