ဥာဏ်လှိုင်လင်း
လာမည့် ဧပြီ ၁ရက်မှစ၍ လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်ခံရန် မတ်လ ၁၉ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးက အတည်ပြုလိုက်သည်။
ယင်းအဆိုကို သဘောတူပါသလားဟု နာယက သူရဦးရွှေမန်းက မေးမြန်းရာ ကန့်ကွက်ကြောင်း မတ်တပ်ရပ်ဆန္ဒပြုသူ ၁၈ဦးသာရှိခဲ့သည်။
ထို့ကြောင့် အိမ်သုံးယူနစ် တစ်ရာအထိ ၃၅ ကျပ်၊ ယူနစ် ၁၀၁မှ ၂၀၀ အထိ ၄၀ ကျပ်၊ ၂၀၁ယူနှစ်နှင့်အထက်ကို ၅၀ ကျပ် ပေးဆောင်ရမည်ဖြစ်သည်။
စက်မှုလုပ်ငန်းသုံးများအနေဖြင့် ယူနစ် ၅၀၀အထိ ၇၅ကျပ်၊ ယူနစ် ၅၀၁မှ ယူနစ်တစ်သောင်း အထိ ၁၀၀ကျပ်၊ တစ်သောင်းတစ်ယူနစ်မှ ငါးသောင်းအထိ ၁၂၅ကျပ်၊ ငါးသောင်းတစ်ယူနစ်မှ နှစ်သိန်းအထိ ၁၅၀ကျပ်၊ နှစ်သိန်းတစ်ယူနစ်မှ သုံးသိန်းအထိ ၁၂၅ကျပ်၊ သုံးသိန်းတစ်ယူနစ်မှ အထက် ၁၀၀ ကျပ် တွက်ချက်ကောက်ခံသွားမည်ဖြစ်သည်။
ရင်းနှီးမြှပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်မှုကော်မတီ ကိုယ်စား ဇမ္ဗူသီရိ မဲဆန္ဒနယ်မှ NLDအမတ် ဒေါ်စန္ဒာမင်းက ရေအားလျှပ်စစ်မှ ၈၀ ရာခိုင်နှုန်းခန့် ထုတ်လုပ်နေသည့် နိုင်ငံတွင် အစိုးရက အရှုံးခံဖြန့်ချိပေးနေရသည်ဟူသော အကြောင်းပြချက်မှာ မှန်ကန်ပါ၏ လားဟု မေးခွန်းထုတ်ခဲ့သေးသည်။ သူက ရေအားလျှပ်စစ်မှ ထုတ်ယူသည့် ကုန်ကျစရိတ်သည် တစ်ယူနစ်လျှင် ၁၅ ကျပ်သာရှိသည်ဟု တွက်ချက်ပြသည်။
“ဘယ်လိုမှ အရှုံးမပေါ်နိုင်ဘူး၊ အရှုံးပေါ်နေတယ်လို့ ပြောတာ ပြန်လည်စိစစ်သင့်ပါတယ်” ဟုပြောသည်။
ထို့ပြင် ယခုသတ်မှတ်သော နှုန်းထားသည် ပြည်သူများအတွက် ရေရှည်အကျိုးရှိစေမည်ဆိုခြင်းထက် လျှပ်စစ်ကဏ္ဍတွင် လာရောက်ရင်းနှီးမြှပ်နှံမည့် ကုမ္ပဏီများ အတွက်သာ ဖြစ်နေသည်ဟုလည်း ဒေါ်စန္ဒာမင်းက ထောက်ပြခဲ့သည်။ ထန်းတပင်အမတ် ဦးစိန်ထွန်းကလည်း ယခင်ကာလက အရှုံးပေါ်နေ၍ ကောက်ခံရပါသည် ဆိုသော မီတာထိန်းသိမ်းစောင့်ရှောက်ခများ ဆက်လက် ကောက်ခံရန်ရှိမရှိ ပြည်သူသို့ ပွင့်လင်းစွာ ထုတ်ဖော်ပြောဆိုသင့်သည်ဟု အကြံပြုခဲ့သေးသည်။
ထိုသို့ ကန့်ကွက်ဆွေးနွေးခဲ့ကြသေးသော်လည်း လွှတ်တော်၏ အများသဘောတူညီမှုဖြင့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ မီတာခတိုးမြှင့်ကောက်ခံရေး အဆိုကို အတည်ပြုခဲ့သည်။ သို့သော် ယခုသတ်မှတ်ခဲ့သည့် နှုန်းထားမှာ မတ်လ ၁၈ရက်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနတို့ ပြန်လည်ညှိနှိုင်းသတ်မှတ်ခဲ့သည့် နှုန်းထားအသစ်ဖြစ်သည်။
ထို့ကြောင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် မီတာခတိုးမြှင့်ကောက်ခံနိုင်ပြီဖြစ်ပြီး ဓာတ်အားပျောက်ဆုံးနေမှုများ လျှော့နည်း ပပျောက်ရေး ဆောင်ရွက်မှု အခြေအနေကို လွှတ်တော်သို့ပြန်လည်တင်ပြရမည်ဖြစ်သည်။ သို့သော် ဝန်ကြီးဌာန၏ ဓာတ်အားခတိုးမြှင့်ရေး အကြောင်းပြချက် တစ်ခုဖြစ်သည့် နိုင်ငံတစ်ဝှမ်း လျှပ်စစ်မီး တန်းတူရရှိရေးကိစ္စ အာမခံကတိပေးရန် ကိုယ်စားလှယ်အချို့၏ တိုက်တွန်းမှုနှင့် စပ်လျဉ်း၍မူ ရှင်းလင်းစွာ သိရခြင်း မရှိသေးပေ။
No comments:
Post a Comment