Saturday, March 22, 2014

ကြားဖြတ်ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေး နေရာပြည့်ပြိုင်မည် အဓိကပြိုင်ဘက်မှာ ကြံ့ခိုင်ရေးဟု အင်န်အယ်လ်ဒီပြော

ဝေမာသိမ့်၊ တင်ဇာအောင်၊ ရွှေရည်ဝင်းထက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အဓိက ရွေးကောက်ပွဲပန်းတိုင်သည် ၂၀၁၅ ခုနှစ် အထွေ ထွေရွေးကောက်ပွဲဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲသည် အဓိကမဟုတ်သော်လည်း ပါတီကြီးဖြစ်သည့် အတွက် နေရာပြည့် ယှဉ်ပြိုင်သွားမည်ဟု ပါတီဗဟိုအလုပ်အမှုဆောင် ဦးဇော်မြင့်ဖေက မတ် ၂၀ ရက် တွင် မဇ္ဈိမကို ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်ဟု မတ် ၂၀ ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကပြောကြားခဲ့ပြီးနောက် မဇ္ဈိမက ပါတီများကို ဆက် သွယ်မေးမြန်းရာ ယင်းကဲ့သို့ ဖြေကြားလိုက်ခြင်း ဖြစ်သည်။

ဦးဇော်မြင့်ဖေက “ပါတီကြီးအနေနဲ့တော့ တစ်ပြည်လုံးက လစ်လပ်သွားတဲ့ နေရာတွေအားလုံး ၀င်မှာပဲ။ ကျွန်တော်တို့ပါတီရဲ့ အဓိကပန်းတိုင်က ၂၀၁၅ ရွေးကောက်ပွဲပဲ။ အခု ကြားဖြတ်ရွေးကောက်ပွဲအတွက် ကတော့ သိပ်ထူးခြားမှုမရှိပါဘူး။ ဒီကြားဖြတ်ရွေးကောက်ပွဲကတော့ ပါတီငယ်တွေဝင်ပြိုင်ရတာ ခက်မယ် လို့ထင်တယ်။ ဒီကြားဖြတ်ကတော့ ပါတီတွေအနေနဲ့ အင်အားစမ်းတာတို့ အင်အားချဲ့တာတို့လုပ်နိုင်မယ့် ပွဲမျိုးမဟုတ်ပါဘူး”ဟု ဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် ရက်အတိအကျ မသိရသေးသော်လည်း ၂၀၁၄ ခုနှစ် နိုဝင်ဘာနှင့် ဒီ ဇင်ဘာလတို့တွင် ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက မတ်လ၂၀ ရက် လွှတ် တော်အစည်းအဝေးအပြီးတွင် မီဒီယာများကို ပြောကြားထားသည်။

NLD ကလည်း ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားပြီး နေရာအတိအကျ မသတ် မှတ်ရသေးသော်လည်း လစ်လပ်နေရာအားလုံး ၀င်ရောက်ယှဉ်ပြိုင်ဖွယ်ရှိပြီး အဓိကယှဉ်ပြိုင်ဘက်ပါတီ မှာ ပြည်ခိုင်ဖြိုးပါတီဖြစ်သည်ဟု ပါတီဗဟိုကော်မတီဝင် ဦးဝင်းထိန်က မဇ္ဈိမကို ပြောသည်။

“ကြံ့ခိုင်ရေးကတော့ အဓိက ယှဉ်ပြိုင်ဘက်ပေါ့။ တခြားတိုင်းရင်းသားပါတီတွေလည်း ရှိပါသေးတယ်။ ဒေသဆိုင်ရာတွေမှာတော့ တိုင်းရင်းသားပါတီတွေက ယှဉ်ပြိုင်ဘက်ဖြစ်ပါမယ်”ဟု ဆိုသည်။ ဗဟိုကော် မတီဝင်ဦးဝင်းထိန်က ယင်းကဲ့သို့ဆိုသော်လည်း NLD နာယက ဦးဝင်းတင်ကမူ အဓိကယှဉ်ပြိုင်ဘက်ဟူ ၍ မည်သည့်ပါတီမှ ရှိနိုင်မည်မထင်ကြောင်း သူ၏အမြင်ကို မဇ္ဈိမကို ပြောသည်။

“အဓိကယှဉ်ပြိုင်ဘက်ကို သိပ်ပြီး မတွေးမိပါဘူး။ တန်းတူရည်တူ ပြိုင်နိုင်မယ် ထင်ပါတယ်။ အားကြီးတဲ့ ပါတီကတော့ ကြံ့ခိုင်ရေးပါပဲ။ ဒါပေမဲ့ လူထုကြားထဲမှာတော့ အားနည်းတယ်လို့ ယူဆပါတယ် ဟု ဆို သည်။

ကြားဖြတ် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ဒီမိုကရက်တစ်ပါတီ မြန်မာ၏ ဥက္ကဋ္ဌဦးသုဝေက “ကြားဖြတ် ရွေးကောက်ပွဲကတော့ ဒီမိုကရေစီအစဉ်အလာအရတော့ ပါတီအနေနဲ့ ၀င်ပြိုင်ရမှာပဲ။ ကျွန်တော့်ပါတီ အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်အဖွဲ့နဲ့ ညှိနှိုင်းတိုင်ပင်ပြီးတော့မှ ရွေးကောက်ပွဲ ၀င်မ၀င် ဆုံး ဖြတ်သွားပါမယ်”ဟု ဆိုသည်။

ရခိုင်ပါတီနှစ်ခု ပူးပေါင်းလိုက်သည့် ရခိုင်အမျိုးသားပါတီကလည်း ကြားဖြတ်ရွေးကောက်ပွဲတွင် ရခိုင်ပြည် နယ်ရှိ မင်းပြားနှင့် ဂွပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များတွင် ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဟု ရခိုင်ဒီမိုက ရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က မဇ္ဈိမကိုပြောသည်။

“မင်းပြားမြို့နယ်ကတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့မြို့နယ်ဖြစ်တဲ့အတွက် သိပ်ပြီး ပြင်ဆင်ဖို့ မလိုပါဘူး။ ဂွမြို့နယ်ကတော့ တခြားပါတီတွေကလည်း ၀င်ပြိုင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပြင်ဆင်ရ မှာတွေ ရှိပါတယ်”ဟု ပြောသည်။

ကျင်းပရန်ရှိသည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် တိုင်းဒေသကြီး၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ် တော်တို့အတွက် စုစုပေါင်း လစ်လပ်မဲဆန္ဒနယ် ၃၁ နေရာရှိသည်။ ယခု ကြားဖြတ်ရွေးကောက်ပွဲသည် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲပြီးနောက် ဒုတိယမြောက် ကြားဖြတ်ရွေးကောက်ပွဲဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်တွင် လစ်လပ်မဲဆန္ဒနယ် ၄၅ နေရာရှိခဲ့ပြီး NLD ပါတီက ၄၄ နေရာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၄၃ နေရာ အနိုင်ရခဲ့သည်။ ရှမ်းတိုင်းရင်းသားများဒီမိုက ရက်တစ်ပါတီက တစ်နေရာ အနိုင်ရခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တစ်နေရာအနိုင် ရရှိခဲ့ကြသည်။

No comments: