Wednesday, March 5, 2014

ဝ ပြည်နယ် သန်းခေါင်စာရင်းကောက်ယူရေး ၀ အကြီးအကဲ ကူညီရန်အသင့်ဟု ဆို

အောင်သူရထွန်း

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခုဖြစ်သော ၀ ပြည်နယ်၌ သန်းခေါင်စာရင်း ကောက်ယူရာတွင် အဆင် ပြေချောမွေ့စေရန် တိုင်းရင်းသားခေါင်းဆောင် အကြီးအကဲများ အပါအ၀င် ဒေသခံများက အကူအညီများ ပေးရန် အဆင်သင့်ဖြစ်နေပြီဟု ဟိုပန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျင်ဝမ်းက ဆိုသည်။

“သန်းခေါင်စာရင်းကောက်ယူရေးမှာ ဒေသခံပြည်သူတွေ အဆင်ပြေချောမွေ့အောင် ကူညီပေးမယ်လို့ ၀ လူကြီးကိုယ်တိုင် ကျွန်တော့်ကို ပြောတယ်၊ ဟိုအရင်တုန်းက သန်းခေါင်စာရင်း ကောက်လာတဲ့ ၀ တွေ မပါဘူးလို့ ပြောတယ်၊ အခုလာမယ့် သန်းခေါင်စာရင်းကိုတော့ ပြည့်ပြည့်စုံစုံ နဲ့ ၀ နယ်တစ်ခုလုံးမှာရှိနေ တဲ့ ပြည်သူတွေရဲ့သန်းခေါင်စာရင်းပါ မကျန်အောင်ကောက်ပြီး ကူညီပေးမယ်” ဟု ၎င်းက မတ်လ ၃ ရက် ပြည်ထောင်စု လွှတ်တော်၌ မီဒီယာများကို ပြောသည်။

ယနေ့တွင် ၀ လူမျိုးအကြီးအကဲ ဦးကျောက်ချွန်းတန်း ဦးဆောင်သော အဖွဲ့ကလည်း ပထမအကြိမ် ပြည် ထောင်စုလွှတ်တော် န၀မပုံမှန် အစည်းအဝေးသို့ လာရောက်လေ့လာခဲ့ပြီး လွှတ်တော်ခေါင်းဆောင်များ နှင့် တွေ့ဆုံခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက “နောင်တစ်ချိန် ဒေသအသီး သီးက တိုင်းရင်းသားပေါင်းစုံတွေ လွှတ်တော်အတွင်းမှာ ပြည်သူကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် များအဖြစ် ရောက်လာပြီး နိုင်ငံတော်နဲ့ နိုင်ငံသားတို့အတွက် ဆွေးနွေးတိုင်ပင်မှု အကြိမ်ကြိမ် ပြုလုပ်နိုင် လိမ့်မည်ဟု ယုံကြည်ဆန္ဒပြု ကြောင်း” ပြောကြားသွားခဲ့သည်။

ယင်းတွေ့ဆုံပွဲနှင့် ပတ်သက်၍ ဦးကျင်ဝမ်းက “၀ လူမျိုးအကြီးအကဲတွေလာတာ ဒါပထမဆုံးပါ၊ နောက် ထပ်လည်း တွေ့ဆုံဖို့တွေ ရှိသေးတယ်၊ ကျွန်တော့် အမြင်ကတော့ နိုင်ငံရေးအနေအထား ပိုကောင်းလာ မယ်၊ ဖွံ့ဖြိုးတိုးတက်ပြီး ပိုမိုအေးချမ်း လာမယ်” ဟု သုံးသပ်ပြောကြားခဲ့သည်။

အဆိုပါ ၀ လေ့လာရေးအဖွဲ့သည် ပြည်ထောင်စုလွှတ်တော် နာယကနှင့် တွေ့ဆုံပြီးနောက် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် သွားရောက်တွေ့ဆုံ ခဲ့သေးသည်။ ၂၀၀၈ အခြေခံ ဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖြစ်သည့် ၀ တို့သည် ပြည်နယ်အဆင့် တိုးမြှင့်ပေးရန် ၂၀၁၃ ခုနှစ် အတွင်းတောင်း ဆိုခဲ့ကြသည်။ ယနေ့ ဥပဒေပြုရေး အာဏာအရှိဆုံးဖြစ်သည့် ပြည်ထောင်စုလွှတ်တော် နာယကနှင့် တွေ့ ဆုံရာ၌မူ ယင်းကိစ္စကို ထည့်သွင်း မဆွေးနွေးခဲ့ကြပေ။

No comments: