Friday, March 21, 2014

နိုင်ငံပိုင်လုပ်ငန်းများ ပုဂ္ဂလိက လွှဲပြောင်းရေး မဖြစ်နိုင်သေးဟု လွှတ်တော်နာယက သုံးသပ်

အောင်သူရထွန်း

အရှုံးပေါ်နေသော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး မဖြစ်နိုင်သေးဟု ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက သက်ဆိုင်ရာဝန်ကြီးဌာနများကို ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော် န၀မပုံမှန်အစည်းအဝေး ၂၅ ရက်မြောက်နေ့တွင် သုံးသပ် အကြံပြုခဲ့သည်။

“ဒီနေ့ အဓိကရည်ရွယ်ချက်က အရှုံးပေါ်နေတဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ နောင်ကျရင် ဘယ်လိုများ ပုဂ္ဂလိက လွှဲပြောင်းမလဲ၊ ဘယ်လိုအစီအမံများနဲ့ ဆောင်ရွက်မယ်ဆိုတဲ့ဟာကို အဖြေထုတ်ပေးနိုင်ဖို့၊ ၀ိုင်း ၀န်းကူညီဖြေရှင်းပေးနိုင်ဖို့အတွက် ဆောင်ရွက်တဲ့ ကိစ္စတစ်ခုလည်း ဖြစ်ပါတယ်”ဟု သူရဦးရွှေမန်းက ထောက်ပြ ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးနှင့် သက်ဆိုင်သော နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ရသုံးငွေ အပါအ၀င် နှစ်အလိုက် လျှော့ချဆောင်ရွက်မည့် လုပ်ငန်းစီမံချက်အခြေအနေများနှင့်စပ်လျဉ်း၍ သက်ဆိုင် ရာပြည်ထောင်စုအဆင့်အဖွဲ့အစည်းများက လွှတ်တော်သို့ရှင်းလင်းတင်ပြရာတွင် နာယကက ပြောကြား ခဲ့ခြင်းဖြစ်သည်။

ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်မှ စတင်၍ အခြားသာမန်နှင့် ငွေလုံးငွေရင်းအသုံးစရိတ်၊ ကြွေးမြီအသုံးစရိတ်ကိုလည်းကောင်း၊ အရှုံးပေါ် နေသော အဖွဲ့အစည်းများသည် ကုန်ကြမ်းဝယ်ယူမှု အသုံးစရိတ်၏ ၈၀ ရာခိုင်နှုန်းကို Working Capital မှ ကျခံသုံးစွဲရန်၊ ကျန် ၂၀ ရာခိုင်နှုန်းနှင့် အခြား သာမန်၊ ငွေလုံးငွေရင်းနှင့် ကြွေးမြီအသုံးစရိတ်များကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ကျခံသွားရန် ထုတ်ပြန်ထားသည်။

ထို့အပြင် အမြတ်ရရှိသော အဖွဲ့အစည်းများသည် ကုန်ကြမ်းဝယ်ယူခြင်း အသုံးစရိတ်အားလုံးကိုလည်း ကောင်း၊ အသားတင်အမြတ်၏ ၂၀ ရာခိုင်နှုန်းကို နိုင်ငံတော်သို့ ထည့်ဝင်ရန်လည်းကောင်း၊၂၅ ရာခိုင် နှုန်းကို ၀င်ငွေခွန်အဖြစ် ပေးဆောင်ပြီး ကျန် ၅၅ ရာခိုင်နှုန်းကို မိမိကိုယ်ပိုင် ဘဏ္ဍာရန်ပုံငွေ ထူထောင်၍ လည်းကောင်း၊ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ ကိုယ်ပိုင်ဘဏ္ဍာငွေကြေးအင်အား တောင့်တင်း လာပါက ကော်ပိုရေးရှင်းနှင့် ပုဂ္ဂလိကပိုင် ပြုလုပ်နိုင်ရေး ရည်ရွယ်ဆောင်ရွက်ရန်လည်းကောင်း စသည့် ဖြင့် ဖော်ပြပါရှိသည်။

နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများထဲတွင် စက်မှုဝန်ကြီးဌာနက ၂၃၀ ဘီလီယံ၊ ရထားပို့ဆောင် ရေးက ၁၅၉ ဘီလီယံ၊ ဘဏ္ဍာရေးက ၆၅ ဘီလီယံ၊ ဆက်သွယ်ရေးက ၁၄ ဘီလီယံ၊ ဆောက်လုပ်ရေး က ၂ ဒသမ ၅ ဘီလီယံနှင့် ပြန်ကြားရေးက ၆ ဒသမ ၄ ဘီလီယံ လိုငွေများပြနေကြောင်း ပြည်ထောင်စု လွှတ်တော်နာယကက ပြောကြားခဲ့သည်။

သို့ရာတွင် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက “တချို့လည်း အမြတ်ပေါ်တာ ရှိပါတယ်။ ပြည်ထောင်စုအစိုးရရဲ့ ရည်မှန်းချက်က ပုဂ္ဂလိကပိုင် ပြုလုပ်ရေးဆိုတဲ့အတွက် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကို စပြောတုန်းကတော့ သုညထိကို ဆောင်ရွက်မယ်လို့ ပြောပါတယ်၊ ဒါပေမယ့် ဒီလောက်ကြီးလုပ်နိုင်မယ့် အနေအထားတော့ မရှိပါဘူး။ လုပ်သင့်လုပ်ထိုက်တာကို အချိန်မီလုပ်သွားမယ်ဆိုရင် မရှုံးတော့ဘူး”ဟု သုံးသပ်ပြောကြားခဲ့သည်။

No comments: