ဖိုးစိုးသူ
တနင်္သာရီတိုင်း မောတောင်ဒေသရှိ သစ်မာမျိုးစုံကို ထိုင်းနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များက နယ်စပ် အာဏာပိုင်များနှင့် ပူပေါင်းပြီး တစ်ရက်လျှင်သစ်တန်ချိန် သုံးဆယ်အထိ ခိုးထုတ်မှုများ ဆောင်ရွက်နေသည်ဟု မောတောငဒေသခံများက မတ် ၃ ရက်တွင် မြန်မာဂျာနယ်လစ်ကွန်ယက် ရုံးခန်းတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။
" ဆိုင်ကယ်တွေ၊ကားတွေပေါ်တင်ပြီးထိုင်းဘက်ကိုထုတ်ကြတယ်။ဂိတ်တွေမှာ လဒ်ပေးမှုတွေလုပ်ပြီး ခိုးထုတ်ကြတာဆိုတော့ ဖမ်းဆီးအရေးယူတာတွေမရှိဘူး။ ထိုင်းနိုင်ငံကစီးပွားရေးသမားတွေက နယ်စပ်အာဏာပိုင်တွေနဲ့ပေါင်းပြီး သစ်တွေကို ထိုင်းဘက်ကိုသယ်တယ်။ ဂိတ်ကြေးတံတားကြေးပေးရင် သစ်ကားတွေကို လွှတ်ပေးတယ်" ဟု မောတောင်ဒေသရှိရွှေမောတောင်ဟိုတယ်ပိုင်ရှင် ဦးဝင်းအောင်က မဇ္ဈိမကိုပြောကြားသည်။
ထိုင်းစီးပွားရေးလုပ်ငန်းရှင်များက မောတောင်ဒေသရှိ အလုပ်လက်မဲ့ဖြစ်နေသော ဒေသခံအလုပ်သမားများကို ခိုးထုတ်သစ်များ တင်ဆောင်ထားသည့် ဆိုင်ကယ်နှင့်ကားများအတွက် အငှားမောင်းခေါ်ယူကာ လုပ်ဆောင်နေကြသည်။
အချို့က ဒေသခံများပိုင်ဆိုင်သည့် ဆိုင်ကယ်နှင့်ကားများဖြင့်သယ်ယူကြပြီး သစ်ခိုးထုတ် သယ်ယူခအဖြစ် သုံးလက်မအထူး အရှည်လေးပေရှိသည့် သစ်သားပြားတစ်ချပ်လျှင် ထိုင်ဘတ်ငွေ ၃ဝဝ ရရှိသည်ဟု ဒေသခံများကပြောသည်။
တနင်္သာရီပိုင်း အုပ်ချူပ်ရေးပိုင်းနှင် သစ်တောဦးစီးဌာနများကို ဒေသခံများက တိုင်းကြားခြင်းပြုလုပ်ခဲ့သော်လည်း သစ်ခိုးထုတ်မှု များအား ထိရောက်အောင်အရေးမယူသည့်အပြင် တိုင်းကြားသူများကို ရန်ရှာတက်သည်ဟု သတင်းစာ ရှင်းလင်းပွဲတွင် ဒေသခံ များက ပြောသည်။
မြန်မာဂျာနယ်လစ်ရုံးခန်းတွင် မောတောင်ဒေသခံငါးဦးက နံနက် ၁၁ နာရီမှ ၁ နာရီဝန်ကျင်အထိ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ သည်။တစ်ရက်လျှင် ဆိုင်ကယ်ကားအစီးရေ မည်မျှသယ်ယူဆောင်ရွက်နေသည်ကို ခန့်မှန်ပြောဆိုနိုင်ခြင်း မရှိဟု ဒေသခံ ဦးဝင်းအောင်က ပြောသည်။
သစ်ခိုးထုတ်မှုများကို မောတောင်နပ်စပ်ဒေသအနီးရှိ တိန်ခေါကြိုးဝိုင်းအတွင်းမှ သစ်များကို ခိုးထုတ်မှုပြုလုပ်နေကြသည်ဟု မြိတ်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှုး ဦးအောင်ဇော်လင်းက ပြောသည်။
သဘာဝန်ပတ်ဝန်ကျင်ထိန်းသိမ်းရေးနှင့် သစ်တောဝန်ကြီးဌာနအနေဖြင့် သစ်ခိုးထုတ်သူများကို ဖမ်းဆီးအရေးယူနိုင်ရန်အတွက် သစ်တောဝန်ထမ်းများထားရှိပြီး ဖမ်းဆီးဆောင်ရွက်နေသည်ဟု လည်းဆိုသည်။
" ဆိုင်ကယ်နဲ့ ခိုးတာတွေ၊ ကား နဲ့ခိုးတာတွေမိလို့ရှိရင် မောင်းတဲ့လူတွေကထွက်ပြေးတယ်။ သစ်တောကလည်း စစ်ဆေးပြီး ဖမ်းတယ်။ မြို့နယ်အုပ်ချုပ်ရေးပိုင်းတွေကလည်း စစ်ဆေးပြီးဖမ်းတယ်။ မောတောင်ကုန်သွယ်စခန်းရှေ့တန်းမှာဆိုရင် သစ်တော ဝန်ထမ်းတွေ နဲ့ ထားပြီးထိုင်းဘက်ကို ခိုးထုတ်တာတွေ ဖမ်းနေပါတယ်။ တစ်လဘယ်လောက်မိလည်းဆိုတာကိုတော့ စာရင်းအတိကျနဲ့မပြောနိုင်ပါဘူး " ဟု ဦးအောင်ဇင်က ဖြေသည်။
မောတောင်ဒေသရှိ သစ်ခိုးထုတ်မှုများနှင့်ပတ်သက်ပြီး ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလအတွင်းက ခရိုင်သစ်တောဦးစီးဌာန၊ ခရိုင်အုပ်ချူပ်ရေးမှုးရုံးအပါအဝင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးသို့ အရေးယူဆောင်ရွကပေးရန် တိုင်ကြားစာများ ပေးပို့ခဲ့သည်ဟု ဒေသခံများကပြောသည်။
ထိုင်းမြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်သော မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်းသို့ ဆက်သွယ်မေးမြန်းရာ မောတောင် ကုန်သွယ်ရေးစခန်းမှ တာဝန်ရှိသူတစ်ဦးက " ဥပဒေနဲ့ မညီတဲ့ ကုန်သွယ်ပစ္စည်းတွေ ၊ သွင်းကုန်ပို့ကုန်တွေကို ဥပဒေအရ ဖမ်းဆီးအရေးယူပါတယ် ။ တရားမဝင်လမ်းကြောင်းက သစ်ခိုးထုတ်နေတာကိုလည်း တတ်နိုင်သလောက် စစ်ဆေးဖမ်းဆီးပါတယ် " ဟု တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုကိုဖြေကြားသည်။
သစ်ခိုးထုတ်မှုများကို အကြိမ်ကြိမ်တိုင်းကြားမှုရှိခဲ့သော်လည်း ထူးခြားမှုမရှိသည့်အတွက် ရန်ကုန်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခွင့်ကို ဒဂုံမြို့နယ် ရဲစခန်းတွင် ဖေဖော်ဝါရီလ ၂၄ ရက်တွင် တောင်ခံခဲ့သည်။ခွင့်ပြုမိန့်မရရှိသည့်အတွက် သတင်းစာရှင်းလင်းပွဲပြုလုပ်ရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ရှင်းလင်းပွဲတွင် ပြောသည်။
No comments:
Post a Comment