Monday, March 24, 2014

သင်္ကြန်ကာလ လမ်းမပိတ်ဆို့စေရန် ရန်ကုန်မြို့ နေရာ ၆ ခုတွင် ကရိန်းယာဉ်ဖြင့် ဖယ်ရှားမည်

နန်းမြင့်

ရန်ကုန်မြို့တွင် သင်္ကြန်ကာလ လမ်းများပိတ်ဆို့မှု မဖြစ်စေရန် နေရာခြောက်ခုတွင် ကရိန်းယာဉ်ဖြင့် ဖယ်ရှားပေးသွားမည်ဖြစ်သည်ဟု အမှတ်၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲအုပ် ဦးမိုးသီဟကျော်က မတ် ၂၃ တွင် မဇ္ဈိမကို ပြောသည်။

လက်ရှိ ယာဉ်မရပ်ရ ၆၇ နေရာတွင် ယာဉ်ရပ်နားပါက ကရိန်းယာဉ်ဖြင့် ဆွဲယူခြင်း၊ ချလန်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ သင်္ကြန်ကာလအတွင်း ယင်းလုပ်ငန်းစဉ်ကို ခေတ္တရပ်နားထားမည်ဖြစ်သည်။ သို့သော် သင်္ကြန်အကြိုနေ့မှစတင်ပြီး အတက်နေ့ အထိ လမ်းပိတ်ဆို့မှုမဖြစ်စေရန် ကရိန်းယာဉ်ကို နေရာခြောက်ခုတွင် အဆင့်သင့်ထားရှိမည်ဖြစ်သည်။

ရဲအုပ်ဦးမိုးသီဟကျော်က “မဟာသင်္ကြန်ကာလမှာ လမ်းလယ်မှာ စက်ပျက်လို့ရပ်ထားတဲ့အခါ တစ်ခြားကားတွေ အနှောက်အယှက်နဲ့ ပိတ်ဆို့မှုတွေဖြစ်မှာဆိုးတဲ့အတွက် ကရိန်းကို အဆင့်သင့်ချထားပေးမယ်” ဟု ဆိုသည်။

သင်္ကြန်ကာလအတွင်း ကရိန်းယာဉ် ချထားပေးမည်နေရာမှားမှာ သိမ်ဖြူလမ်းရှိ မြန်မာနိုင်ငံ ဆရာဝန် အသင်းအနီး၊ ပါရမီမီးပွုင့်၊ လှည်တန်းမီးပွိုင့်၊ မဟာဗန္ဓုလပန်းခြံအနီး၊ ကုက္ကိုင်းလမ်းဆုံနှင့် မြေနီကုန်းလမ်းစုံတွင် တစ်စီးစီ ချထားပေးမည်ဖြစ်သည်။

အမှတ် ၂ယာဉ်ထိန်းရဲတပ်ဖွဲ့ဖွဲမှူးရုံးမှ ဒုတိယရဲမှူးကြီး ဦးလင်းထွဋ်က “သင်္ကြန်ကာလအတွင်း မြို့ထဲမှာ ယာဉ်ထိန်းရဲ အင်အားကို မနှစ်ကထက် တိုးမြှင့်ချထားပေးမယ်” ဟုပြောသည်။

ယမန်နှစ် မဟာသင်္ကြန်ကာလအတွင်းတွင် ယာဉ်ထိန်းရတပ်ဖွဲ့ဝင် ၃၇၅ ဦး ချထားပေးခဲ့သည်။ ယာဉ်မရပ်ရလမ်းများတွင် ရပ်နားသောယာဉ်များကို ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက် မှ ၂ဝ၁၄ ခုနှစ် မတ် ၂ဝရက်အထိ ကရိန်းယာဉ်ဖြင့် အရေးယူဖမ်းဆီးမှု ၆၂၈၉ စီးရှိသည်။

No comments: