မင်းမင်း
အစိုးရ၏ လုပ်ဆောင်ချက်တစ်ခုခုကို ပြည်သူကမကျေနပ်ပါက တားဆီးပိတ်ပင်ထားနိုင်သည့် ဥပဒေတစ် ခုကို မတ်လ ၁၉ ရက်က ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် အတည်ပြုလိုက်ပြီ ဖြစ်သည်။
နိုင်ငံသားများ၏ အခွင့်အရေးတစ်ရပ်ဖြစ်သည့် အဆိုပါ “၂၀၁၄ စာချွန်တော်အမိန့်လျှောက်ထားမှုဆိုင်ရာ ဥပဒေ” သည် လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲနေမှုကြောင့် ကြန့်ကြာနေရခြင်းဖြစ်သည်။
အဆိုပါဥပဒေ၏ ပုဒ်မ ၁၆ တွင် “အမှုခေါ်စာချွန်တော်အမိန့်နှင့် တားမြစ်စေ စာချွန်တော်အမိန့်တို့နှင့်စပ် လျဉ်း၍ လျှောက်ထားလွှာတင်သွင်းရန် အကြောင်းပေါ်ပေါက်သည့်နေ့မှစ၍ နှစ်နှစ်အတွင်း လျှောက်ထား လွှာ တင်သွင်းခြင်းမပြုလျှင် စာချွန်တော်အမိန့် ထုတ်ပြန်ခြင်းမပြုရ”ဟု ပြည်ထောင်စုလွှတ်တော်က အ တည်ပြုခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် အစိုးရ၏ လုပ်ဆောင်ချက်တစ်ခုခုကို မကျေနပ်ပါက တားဆီးပေးရန် အကြောင်းပေါ်ပေါက်သည့်နေ့မှစပြီး နှစ်နှစ်အတွင်းသာ အဆိုပြုလျှောက်ထားနိုင်မည်ဖြစ်သည်။ “နှစ်နှစ် ကာလ ခွင့်ပြုခြင်းသည် ပြည်သူတို့၏ နစ်နာချက်ကို တင်ပြလျှောက်ထားရန် အခွင့်အလမ်းပိုမိုရရှိနိုင်မည်” ဟု ပြည်ထောင်စုလွှတ်တော်၊ ဥပဒေကြမ်းပူးပေါင်းကော်မတီက ယခုလ ၁၀ ရက်တွင် လွှတ်တော်သို့ အစီရင်ခံထားသည်။
ဥပဒေအဖြစ် အတည်ပြုရန်လျာထားသည့် “၂၀၁၄ ခုနှစ်၊ စာချွန်တော်အမိန့် လျှောက်ထားမှုဆိုင်ရာဥပဒေ ကြမ်း”မှာ ဥပဒေအဖြစ် အသက်ဝင်လာမည်ဆိုပါက စာချွန်တော်အမိန့်ငါးမျိုးဖြင့် အစိုးရလုပ်ဆောင်ချက်ကို တားမြစ်နိုင်မည်ဖြစ်သည်။
ဥပမာအားဖြင့် အစိုးရကပြုလုပ်သည့် လုပ်ဆောင်ချက်တစ်ခုကို ပြည်သူက မကျေနပ်ပါက တရားလွှတ် တော်ချုပ်ထံ ထိုလုပ်ရပ်ကို တားဆီးပေးရန် အရေးဆို လျှောက်ထားပြီး တရားလွှတ်တော်ကလည်း ထို ကိစ္စသည် တားသင့်တားထိုက်သည်ဟု ယုံကြည်လျှင် စာချွန်တော်အမိန့်တစ်မျိုးဖြစ်သည့် “တားမြစ်စေ စာချွန်တော်အမိန့်”ကို ထုတ်ပြန်ပြီး အစိုးရ၏လုပ်ရပ်ကို တားမြစ်နိုင်သည်။
တရားစီရင်ရေးမဏ္ဍိုင်က ကျန်အုပ်ချုပ်ရေး၊ ဥပဒေပြုရေးမဏ္ဍိုင်နှစ်ခု၏ အာဏာကို မျှခြေပြုနိုင်ရန် ၂၀၀၈ အခြေခံဥပဒေတွင် တရားစီရင်ရေးမဏ္ဍိုင်ကို စာချွန်တော်အမိန့်ငါးမျိုး သုံးခွင့်ပေးထားသည်။ ယင်းစာချွန် တော်အမိန့် ငါးမျိုးမှာရှေ့တော်သွင်း စာချွန်တော်အမိန့်၊ အာဏာပေး စာချွန်တော်အမိန့်၊ တားမြစ်စေ စာချွန်တော်အမိန့်၊ အာဏာပိုင်မေး စာချွန်တော်အမိန့်၊ အမှုခေါ်စာချွန်တော်အမိန့်တို့ ဖြစ်သည်။
No comments:
Post a Comment