ဇော်ဇော်ထွေး
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မလေးရှားနိုင်ငံမှတဆင့် နိုင်ငံကူးလက်မှတ်အတုဖြင့် ၀င်ရောက် လာသည့် အမျိုးသမီးတစ်ဦးကို မတ်လ ၁၈ ရက် ညနေက ဖမ်းဆီးရမိလိုက်သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။
ညနေ ၅ နာရီခွဲခန့်က Air Asia လေကြောင်းခရီးစဉ်အမှတ် AK 1420 ဖြင့် မလေးရှားနိုင်ငံမှ ဆိုက်ကပ်လာသည့် ခရီးသည်များအား လူဝင်မှုကြီးကြပ်ရေးတပ်ဖွဲ့က စစ်ဆေးစဉ် ဖမ်းဆီးခြင်းဖြစ်သည်။
ဖမ်းဆီးရရှိသူမှာ သင်္ဃန်းကျွန်းမြို့နယ်၊ ဂဘူးကွေ့တွင် နေထိုင်သည်ဟုဆိုသည့် ဒေါ်ဆမီနာန်ခါတူ (၆၅)နှစ်ဖြစ်သည်ဟု ရဲတပ်ဖွဲ့က အတည်ပြုထားသည်။
၎င်းကိုင်ဆောင်ထားသည့် နိုင်ငံကူး လက်မှတ်မှာ အတုဖြစ်ကြောင်း တွေ့ရှိခဲ့သဖြင့် အရေးယူပေးရန် ဒုတိယလ၀ကမှူး ညီညီက တရားလိုပြုလုပ် တိုင်တန်းခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် မင်္ဂလာဒုံရဲစခန်းက (ပ) ၁၃၁ /၂၀၁၄ ဖြင့် မတ်လ ၁၉ တွင် အမှုဖွင့်ပြီး လ၀က အက်ဥပဒေ ၁၃(၁) ၁၃(၇)(ဂ)ဖြင့် အရေးယူရန် အမှုစစ် ဒု-ရဲအုပ်ညွှန့်ဝင်းက ဖမ်းဆီးစစ်ဆေးနေသည်ဟု ဆိုသည်။
ဇန်န၀ါရီလအတွင်းကလည်း မလေးရှားနိုင်ငံမှတဆင့် နိုင်ငံကူးလက်မှတ်အတုဖြင့် ပြည်တွင်းသို့ ပြန်လည် ၀င်ရောက်လာသည့် ဗမာအမျိုးသား နှစ်ဦးကို ဖမ်းဆီးခဲ့သည်။ ယင်းတို့ နှစ်ဦးကို မင်္ဂလာဒုံရဲစခန်းက လ၀ကအက် ၁၃(၁)/၁၃(၇)(ဂ) တို့ဖြင့် အရေးယူခဲ့သည်။
No comments:
Post a Comment