Tuesday, March 4, 2014

အင်းစိန်မီးရထားပိုင်မြေအတွင်း နှစ်၂ဝ ကျော်နေထိုင်ခဲ့သည့် ကျူးကျော်ရပ်ကွက်ရှိအိမ်များ အားလုံး ဖျက်ပါက ဆန္ဒပြရန်စီစဉ်

အေးမြင့်စန်း

ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ဈေးကုန်းအရှေ့ စံကျော်စု ရပ်ကွက် မီးရထားပိုင်နယ်မြေအတွင်း နှစ် ၂ဝ ကျော် နေထိုင်ခဲ့သည့် အိမ်များကို ဖျက်သိမ်းခြင်းများ ရှိပါက တစ်ရပ်ကွက်လုံး အတိုင်းအတာဖြင့် ဆန္ဒထုတ်ဖော်မည်ဖစ်သည်ဟု ယင်းရပ်ကွက်တွင် ၁၉၉၄ ခုနှစ်က အခြေချ နေထိုင်ခဲ့လာသည့် ဦးသောင်းနိုင်က မဇ္စျိမကို မတ် ၃ ရက်တွင်ပြောသည်။

ဖေဖော်ဝါရီလအတွင်းက စတင်ပြီး စံကျော်ရပ်ကွက်အတွင်းရှိ နေအိမ်များကို အပတ်စဉ် လာရောက် ဖျက်သိမ်းခြင်းများရှိနေရာ ရပ်ကွက်အတွင်းနေအိမ်၂၃၉လုံးကို အပြီးဖျက်သိမ်းလိုက်ပါက တစ်ခြား နေရာသို့ ပြောင်းရွှေ့နေထိုင်စရာနေရာမရှိသဖြင့် ဆန္ဒဖော်ထုတ်သွားမည်ဖြစ်သည်ဟု ၄င်းက ဆိုခြင်းဖြစ်သည်။

ဦးသောင်းနိုင်က “ ရပ်ကွက်ကို အပြီးဖျက် သိမ်းမယ်ဆိုရင် မီးရထားဝန်ကြီးအသနားခံတင်ပြမယ်။ ခွင့်ပြုမိန့်တောင်းပြီး ဆန္ဒဖော်ထုတ် သွားပါမယ်။ ဒုတိယအဆင့်အနေနဲ့ မြို့ပတ်မီးရထားလမ်း တစ်လျှောက် က နေအိမ်ဖျက်သိမ်းခံရတဲ့သူတွေနဲ့ ချိတ်ဆက်ပြီး မြို့တော်ခန်းမလို နေရာမျိုးအထိ စီတန်း ဆန္ဒဖော်ထုတ်သွားမယ် “ဟုပြောသည်။

လက်ရှိတွင် စံကျော်ရပ်ကွက်တွင် နေအိမ်၂၂၅ လုံးရှိရာ ယင်းနေအိမ်စာရင်းများကို မီးရထားစက်ခေါင်း ဝန်ထမ်းများက စာရင်းကောက်ယူပြီး အပတ်စဉ် နေအိမ် ၁၅လုံး ဖျက်သိမ်းလျက်ရှိနေသည်။ လက်ရှိတွင် အိမ်ဖျက်သိမ်းခံ သည့် လူဦးရေ ၁၃၆ ဦးသည် ရွှေ့ပြောင်းနေထိုင်ရန်နေရာမရှိသဖြင့် ယင်းနေရာ၌ပင် ဆက်နေထိုင်နေရပြီး အလယ်တန်းနှင့် အထက်တန်းကျောင်း သားများ လည်းရှိနေ၍ စာမေးပွဲဖြေဆိုရန် အခက်အခဲရှိနေသည်ဟု အိမ်ဖျက်သိမ်းခံထားရသူ တစ်ဦးဖြစ်သည့် ကိုယဉ်ထွေး က ပြောသည်။

အဆိုပါ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးဖြစ်သည့် ကိုသိန်းဇော်ကလည်း “ ဖေဖော်ဝါရီ၂၁ရက်က မီးရထားဝန်ထမ်း တွေက လွှစက်တွေနဲ့အိမ်တိုင်တွေကို ဖျက်စီးသွားကြတာ၊ ဘယ်အချိန်လာဖျက်မယ် သေချာမသိတော့ တစ်ရပ်ကွက်လုံး ကြောက်လန့်နေကြတယ်”ဟုပြောသည်။

အဆိုပါနေရာတွင် နှစ် ၂ဝ ကျော်နေထိုင်ခဲ့သည့် အိမ်ခြေ ၂၂၅ လုံးရှိပြီးအနက် ၃၅ လုံးကို ဖျက်သိမ်းရန် မီးရထားစက်ခေါင်းစက်ရုံ (အင်းစိန်)က စာရင်းကောက်ယူသွားသည့်အတွက် အိမ်ရှင်တို့ က အိမ်အားလုံးကို ဖျက်သိမ်းခြင်းမပြုရန် သမ္မတထံ တောင်းဆိုခြင်း ကိုလည်း ဖေဖော်ဝါရီ ၁၇ ရက်က ပြုလုပ်ခဲ့သည်။ ဈေးကုန်းအရှေ့ရပ်ကွက်အတွင်း အဆိုပါအိမ်ခြေ ၂၂၅ လုံးအပြင် ၂ဝ၁၁ ခုနှစ်အတွင်း ရောက်ရှိနေထိုင် လာကြသည့် အိမ်ခြေ ၆၂ လုံးကိုလည်း ဖေဖော်ဝါရီလအတွင်းက ဖျက်သိမ်းပြီးဖြစ်သည်။

မီးရထားပိုင် နယ်မြေအတွင်း ကျူးကျော် နေထိုင်သူများကို ဖယ်ရှားပေးရန် မြန်မာ့မီးရထားက အကြောင်းကြားထားပြီး အဆိုပါနေထိုင်သူများကို ပြန်လည် နေရာ ချထားပေးရန် အစီစဉ်မရှိဟု မြန်မာ့မီးရထား မှ အထွေထွေမန်နေဂျာဦးထွန်းအောင်သင်းက မဇ္ဈိမကို ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း ရန်ကုန်တိုင်းအတွင်း ကျူးကျော်များကို မတ်လအကုန် တွင် အပြီးဖျက်သိမ်းသွားမည် ဟု ပြောကြားထားပြီးဖြစ်သည်။

ရန်ကုန်တိုင်းအတွင်း ကျူးကျော်နေထိုင်သူဦးရေသည် တိုင်းလူဦးရေ ခြောက်သန်း၏ ဆယ်ရာခိုင်နှုန်းခန့် ရှိနေရာ အရေအတွက် မှာ ခြောက်သိန်းခန့် ရှိသည်။ ရန်ကုန်မြို့တော်အတွင်းရှိ မြို့နယ် ၄၅ မြို့မှ မြို့နယ် ၄၄ မြို့နယ်အတွင်း ဆောက်လုပ် ထားသည့် အဆောက်အဦးများ၏ ငါးပုံတစ်ပုံသည် ကျူးကျော်ဆောက်လုပ် ထားသော အဆောက်အဦးများဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥပဒေကော်မတီက ၂ဝ၁၃ ခုနှစ်နှစ် အတွင်း ကျင်းပခဲ့သည့် တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေး တွင် ပြောကြားထားသည်။

No comments: