Tuesday, March 25, 2014

ပဋိပက္ခကို ငြိမ်းချမ်းသည့်နည်းဖြင့် ဖြေရှင်းရေး ရခိုင်အမျိုးသမီးများ ဆွေးနွေး

နန်းမြနဒီ

ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ ချုပ်ငြိမ်းစေဖို့ ပါဝင်ဆောင်ရွက်နိုင်မယ့် ငြိမ်းချမ်းတဲ့ နည်းလမ်းတွေကို ရခိုင်အမျိုးသမီးတွေက တိုင်ပင်ဆွေးနွေးနေကြပါတယ်။

ပြည်တွင်းပြည်ပက ရာနဲ့ချီတဲ့ ရခိုင်အမျိုးသမီးကိုယ်စားလှယ်တွေဟာ စစ်တွေမြို့က အလိုတော်ပြည့်ကျောင်းတိုက်မှာကျင်းပတဲ့ ရခိုင်အမျိုးသမီးအစည်းအရုံး ညီလာခံမှာ ရခိုင်ပြည်နယ်အရေး ဆွေးနွေးနေကြတာပါ။

ရခိုင်ပြည်နယ်ထဲဖြစ်ပွားတဲ့ ပဋိပက္ခတွေကို အကြမ်းမဖက်တဲ့ ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းစေလိုပြီး အမျိုးသမီးတွေအနေနဲ့လည်း တဖက်တလမ်းက ပါဝင်ဖြေရှင်းဖို့ ရည်ရွယ်ထားတယ်လို့ ရခိုင်အမျိုးသမီးအစည်းအရုံး ဒုတိယခေါင်းဆောင် စောစံငြိမ်းသူက ပြောပါတယ်။

ရခိုင်အမျိုးသမီးတွေအနေနဲ့ မိမိပြည်နယ်နဲ့တကွ နိုင်ငံရဲ့ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးကိစ္စတွေမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့၊ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာပါဝင်ခွင့်၊ ဆုံးဖြတ်ခွင့်တွေ ရှိလာအောင်နဲ့ ရခိုင်အမျိုးသမီးတွေရဲ့ စည်းလုံးညီညွတ်မှု ပိုမိုအားကောင်းအောင် ဒီညီလာခံကနေ နည်းလမ်းတွေ ရှာဖွေဆောင်ရွက်သွားမယ်လို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင် ရခိုင်အမျိုးသမီးတွေရဲ့ အမည်ရှေ့မှာ စောဆိုတဲ့ အမည်ကို ပိုပြီးတွင်ကျယ်စွာ ပြန်လည်ဖော်ထုတ်သုံးစွဲလာကြဖို့လည်း ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။

ရခိုင်အမျိုးသမီးညီလာခံကို အရင်က ပြည်ပမှာ ကျင်းပခဲ့ရပြီး ဒီနှစ်တော့ ပြည်တွင်းမှာ အလွှာစုံ၊ မြို့နယ်စုံက အမျိုးသမီးတွေနဲ့ ပထမဆုံးအကြိမ် ကျင်းပခွင့်ရခဲ့တာပါ။

မတ်လ ၂၃ ရက်ကနေ ၂၆ ရက်နေ့ထိ ၄ ရက်တာ ကျင်းပတဲ့ ဒီညီလာခံဟာ ရခိုင်အမျိုးသမီး အစည်းအရုံးရဲ့ စတုတ္ထအကြိမ်မြောက်ညီလာခံဖြစ်ပြီး ရခိုင်ပြည်နယ် မြို့နယ်ပေါင်း ၁၇ မြို့က အမျိုးသမီး ကိုယ်စားလှယ်ပေါင်း ၃၀၀ ကျော် တက်ရောက်ဆွေးနွေးနေတာဖြစ်ပါတယ်။

No comments: