Wednesday, March 26, 2014

လစာတိုးပေးခြင်းက ရေတိုဖြေရှင်းမှုသာဖြစ်ဟု ဆို

စုမြတ်ဝေ

အစိုးရ၀န်ထမ်းများကို ဧပြီလမှစ၍ လစာငွေ လစဉ်ကျပ်နှစ်သောင်းနှုန်းတိုးပေးလိုက်ခြင်းသည် ရေတိုဖြေ ရှင်းမှုသာဖြစ်ပြီး ၀န်ထမ်းများအပါအ၀င် အခြေခံလူတန်းစားများအတွက် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကိုသာ ကြုံတွေ့နိုင်သည်ဟု လူမှုစီးပွားပညာရှင်အချို့က ထောက်ပြပြောဆိုလိုက်သည်။

မတ်လ ၂၅ ရက်တွင် ကျင်းပသော န၀မအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ ၂၀၁၄ -၁၅ ဘဏ္ဍာနှစ် ရသုံးခန့်မှန်းခြေစာရင်းကို အတည်ပြု ရာတွင် အစိုးရ၀န်ထမ်းများ၏ လက်ရှိအခြေခံလစာ အပေါ် ကျပ်နှစ်သောင်းစီ ထပ်မံတိုးမြှင့်ပေးခြင်းလည်း ပါဝင်သည်။

၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ၂၀၁၄ ခုနှစ်၊ ဧပြီ ၁ ရက်မှစ၍ နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားများကို ကျပ်နှစ်သောင်းစီ တိုးမြှင့်ပေးရန်နှင့် ပင်စင်လစာနှင့် ဆုကြေးများကိုလည်း အချိုးကျ တိုးမြှင့်ပေးရန် ပြည် ထောင်စုလွှတ်တော်က အတည်ပြု လိုက်ခြင်း ဖြစ်သည်။

ဝန်ထမ်းများအတွက် လောလောဆယ် ချောင်လည်သွားအောင်လုပ်သည့်သဘောရှိသော်လည်း အခြေခံလူ တန်းစားများအားလုံးအတွက်ဆိုလျှင် ယင်းနည်းလမ်းမှာ မလုပ်သင့်ဟု ပညာရှင်များက ဝေဖန်သည်။

“ဘာဖြစ်လို့လဲဆိုတော့ အကြိမ်ကြိမ် လုပ်ခဲ့တဲ့အခါကျတော့ မျှော်မှန်းတဲ့ ရည်မှန်းချက်လည်း မရောက်ဘူး။ ဒါ့အပြင် တခြားရိုက်ခတ်ချက်တွေရှိတယ်။ ဥပမာဝန်ထမ်းတွေလစာ တိုးတယ်ဆိုရင် ကုန်ဈေးနှုန်းတွေက လိုက်တိုးခဲ့ဖူးတယ်”ဟု ဦးကျော်ဝင်းက ပြောသည်။

ဝန်ထမ်းလစာတိုးပေးလိုက်သည့် အကြိမ်တိုင်းတွင် အခြေခံစားကုန်အပါအ၀င် ကုန်ပစ္စည်းဈေးနှုန်းများ တက်လေ့ရှိသည်။ ယခုတကြိမ် လစာမတိုးမီ နှစ်လ၊ သုံးလအလိုကပင် ကုန်စည်အချို့၏ ဈေးနှုန်းများ တက် လာနေသည်ဟု အခြေခံလူတန်းစားအသိုင်းအ၀ိုင်းမှ သိရသည်။ ယခင်နှစ်က ကျပ် ၁၀,၀၀၀ နှင့် မိသားစု သုံးဦးအတွက် တစ်ပတ်စာဈေးဖိုးလုံလောက်သော်လည်း ယခုနှစ်ပိုင်းတွင် ကျပ် ၂၀,၀၀၀ လောက်မှ ငါး ရက်စာ ဈေးဖိုးလုံလောက်သည်ဟု အိမ်ရှင်မများက တွက်ချက်ပြသည်။

ထိုသို့ ကုန်ဈေးနှုန်းများ ကြီးမြင့်လာမှု ပမာဏနှင့် ယခုလစာတိုးနှုန်းကို ယှဉ်ကြည့်မည်ဆိုလျှင် ၁၀ ဆ တစ်ဆကွာဟမှုရှိသည်ဟု အကြမ်းဖျင်း တွက်ချက်နိုင်သည်ဟု စီးပွားရေးပညာရှင်အချို့က ဆိုသည်။

“ကုန်ဈေးနှုန်းက အ၀တ်အထည်မှာရော၊ အစားအသောက်မှာရော၊ အခြားစရိတ်တွေမှာရော တိုးတဲ့အခါ ကျတော့ တိုးတဲ့ရာခိုင်နှုန်းကို အားလုံးပေါင်းလိုက်ရင် ၀န်ထမ်းတွေရတာက နည်းနည်းလေးပဲ။ ကုန်ဈေးနှုန်း မှာ တိုးတဲ့ပမာဏနဲ့ သူတို့လစာတိုးတဲ့ပမာဏက နှိုင်းဆလိုက်ရင် ၁၀ ဆ တစ်ဆလောက်တောင် မကဘူး ဖြစ်သွားတယ်။ အဲတော့ ၀န်ထမ်းတွေ ပိုထိခိုက်တာပေါ့။ ဆိုလိုတာက ဆန်တစ်ခုတည်း၊ ဆီတစ်ခုတည်း တိုးတာမဟုတ်ဘူး။ အခြားဟာတွေလဲ လိုက်တိုးတာ။ အဲတော့ တိုးတာတွေ အားလုံးပေါင်းလိုက်ရင် အဲဒီ တိုးတဲ့ဒဏ်က ၀န်ထမ်းတွေရတဲ့နှုန်းက ဘယ်ခံနိုင်မလဲ”ဟု ဦးကျော်ဝင်းက တွက်ချက်ပြသည်။

ဆည်မြောင်းဝန်ထမ်း တစ်ဦးက “တိုးမယ့်လစာက ကုန်ဈေးနှုန်းတက်တာနဲ့ မထူးပါဘူးရှင်။ လစာတိုးမယ့် အသံကြောင့် ဈေးတွေ တက်တာရယ်၊ သင်္ကြန်နီးတာကြောင့် ဈေးတွေတက်တာရယ်၊ မီတာခတက်မှာ ရယ် ပိုတောင်ဆိုးသွားတယ်”ဟုပြောသည်။

လစာတိုးပေးလိုက်ခြင်းက ငွေကြေးဖောင်းပွမှုကို တိုက်ရိုက်ကြီးကြီးမားမား မထိခိုက်နိုင်သော်လည်း သွယ် ၀ိုက်သောနည်းဖြင့် ရိုက်ခတ်မှုရှိနိုင်သည်ဟု ပညာရှင်များက သုံးသပ်သည်။

စီးပွားရေးပညာရှင် ဒေါက်တာမောင်မောင်စိုးက “နှစ်သောင်းပြောတဲ့အတွက်ကြောင့် ငွေကြေးဖောင်းပွမှု ဖြစ်နိုင်တယ်။ အဲဒီသတင်းကြောင့် စီးပွားရေးသမားက မသမာမှုလုပ်တာဖြစ်လာနိုင်တယ်။ လက်တစ်ဆုပ် စာမှာ မဆို့မပို့ နှစ်သောင်းလေး တိုးတဲ့ကိစ္စကို သတင်းဖြန့်လိုက်သလို မဖြစ်သွားဘူးလား”ဟု ပြောသည်။

လစာတိုးသော်လည်း ကုန်ဈေးနှုန်း မတိုးလျှင် လစာတိုးငွေက ၀ယ်နိုင်စွမ်းအားတက်နိုင်သော်လည်း ဈေနှုန်းများလိုက်တက်မည်ဆိုလျှင်တော့ ၀ယ်နိုင်စွမ်းအားကျသွားပြီး ငွေတန်ဖိုးလည်း ကျသွားသည့်သဘော ဖြစ်နိုင်သည်ဟု ဆိုသည်။

“ရေရှည်အစီအမံနဲ့ မဖြစ်မနေ ဖြေရှင်းတဲ့အခါမှာလည်း လစာတိုးပေးတဲ့ ဆေးမြီးတိုအစား ရေရှည်ကို အထောက်အပံ့ဖြစ်နိုင်တဲ့ မူဝါဒတွေချပြီးတော့ လုပ်သင့်တယ်လို့ မြင်တယ်”ဟု ဦးကျော်ဝင်းက ဆိုသည်။

လစာတိုးပေးမည့်အစား ငွေသား မဟုတ်ဘဲနဲ့ အခြားထောက်ပံ့မှုများ၊ ဥပမာ- အဓိကကုန်ကျစရိတ်များဖြစ် နိုင်သော အိမ်ငှားခများ သက်သာအောင် နေအိမ်ဖန်တီးပေးသည်မျိုးနှင့် အခြားထိရောက်နိုင်သော ထောက်ပံ့မှုနည်းလမ်းများ လုပ်ပေးရန်လိုသည်ဟု ပညာရှင်အချို့က ဆိုကြသည်။

လက်ရှိတွင် အနိမ့်ဆုံးလစာသည် ကျပ် ၅၅,၀၀၀ ဖြစ်ပြီး ကျပ် ၂၀,၀၀၀ ကို ဧပြီလကုန်မှစ၍ ခံစားခွင့်ပြုမည်ဖြစ်ရာ အနိမ့်ဆုံး လစာကျပ် ၇၅,၀၀၀ ဖြစ်သွားမည်ဖြစ်သည်။

၂၀၁၃ ခုနှစ်တွင်လည်း အစိုးရ၀န်ထမ်းများကို လစာ ကျပ် ၂၀,၀၀၀ စီတိုးပေးခဲ့ သေးသည်။ အဆိုပါ ၂၀၁၃ ခုနှစ် စာရင်းများအရ မြန်မာနိုင်ငံတွင် အစိုးရ၀န်ကြီး ဌာနများမှ ခန့်အပ်ထားသော နေ့စားလုပ်သား ၇၄၀,၀၀၀ နှင့် အမြဲတမ်းဝန်ထမ်း ၁ ဒသမ ၂ သန်း ရှိသည်။

No comments: