Mizzma
နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုဖြစ်သော နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF)ကို ရခိုင်ပြည်နယ်တွင် လုပ်ငန်းများ ရပ်နားရန် မြန်မာအစိုးရက အမိန့်ပေးခဲ့ကြောင်း သတင်းများနှင့် ပတ်သတ်၍ MSF အဖွဲ့က တစ်စုံတရာ မှတ်ချက်ပေးရန် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ငြင်းဆန်ခဲ့သည်။
MSF အဖွဲ့အား ရခိုင်ပြည်နယ်အတွင်းမှ ထွက်ခွာရန် ပြောဆိုခဲ့သည်ဆိုသော သတင်းမှာ မှန်ကန်ကြောင်း ပြန်ကြားရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီးလည်းဖြစ်ပြီး သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သူ ဦးရဲထွဋ်က ဖေဖော်ဝါရီလ ၂၈ ရက်က မဇ္ဈိမနှင့် တယ်လီဖုန်း အင်တာဗျူး တစ်ခုတွင် အတည်ပြုပြောကြားခဲ့သည်။
MSF နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့အကြား နားလည်မှုစာချွန်လွှာမှာ ဇန်နဝါရီလတွင် သက်တမ်းကုန်ဆုံးခဲ့ပြီ ဖြစ်သောကြောင့် ထိုကဲ့သို့ ထွက်ခွာခိုင်းရခြင်း ဖြစ်သည်ဟု ဦးရဲထွဋ်က ပြောသည်။
MSFက အစိုးရနှင့် လက်မှတ်ရေးထိုးထားသော သဘောတူညီချက်ထက် မကြာခဏ ဘောင်ကျော် လုပ်ဆောင်ခဲ့သည်ဟု ဦးရဲထွဋ်က ပြောခဲ့သည်။ MSF အဖွဲ့သည် ၁၉၉၉ ခုနှစ်တွင် နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိခဲ့သည့် အဖွဲ့အစည်းဖြစ်သည်။
နားလည်မှု စာချွန်လွှာအရ နိုင်ငံခြားသား ဝန်ထမ်း ၁၉ဦးသာ ခွင့်ပြုထားခဲ့သော်လည်း တကယ်တမ်းတွင် မြန်မာနိုင်ငံအတွင်းမှ MSFသည် နိုင်ငံခြားသား ၃၅ ဦးကို ခန့်ထားခဲ့ကာ၊ နိုင်ငံခြားသားအချို့မှာ ကမ္ဘာလှည့်ခရီးသည်ဗီဇာ (tourist visa) ဖြင့် အလုပ်လုပ်နေကြခြင်း ဖြစ်ကြောင်း ဦးရဲထွဋ်က ပြောခဲ့သည်။
ထို့ပြင် အခြားပြဿနာ တစ်ရပ်မှာ MSF သည် ဘင်္ဂါလီများကို ဦးစားပေးဆက်ဆံနေခဲ့ပြီး ရိုဟင်ဂျာမူစလင်များကို အစိုးရကခေါ်ဝေါ်သုံးနှုန်းလေ့ရှိသော စကားလုံးဖြစ်သည့် ဘင်္ဂါလီ ဟု သုံးနှုန်းကာ ဦးရဲထွဋ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် တကယ်တမ်းတွင် MSFအား အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများသာ လုပ်ကိုင်ခွင့်ပြုခဲ့ခြင်း ဖြစ်သော် လည်း၊ MSF အနေဖြင့် လုပ်ငန်းအင်္ဂါရပ်များစုံလင်သော ဆေးရုံများအဆင့်အထိ ဖွင့်လှစ်လုပ်ကိုင်နေခဲ့သည်ဟုလည်း ဦးရဲထွဋ် က ပြောခဲ့သည်။ MSF ဝန်ထမ်းများ အနေဖြင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှုမရှိခဲ့ကြောင်း ဦးရဲထွဋ်က ပြောကြားခဲ့သည်။
နားလည်မှု စာချွန်လွှာ အသစ်တစ်ရပ် လက်မှတ်ရေးထိုးနိုင်ရေးအတွက် MSF နှင့် ကျန်းမာရေး ဝန်ကြီးဌာန အကြား၊နေပြည်တော် တွင် ညှိနှိုင်းမှုများ ပြုလုပ်နေခဲ့သော်လည်း၊ ထိုကဲ့သို့ ညှိနှိုင်းနေခဲ့ကြသည့် နားလည်မှုစာချွန်လွှာအသစ်မှာ ရခိုင်ပြည်နယ်တွင် ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်နိုင်ရန်အတွက်သာ ဖြစ်ကြောင်း ဦးရဲထွဋ်က ပြောခဲ့သည်။
၂၀၁၂ ခုနှစ် ဇွန်လက ရခိုင်ပြည်နယ်အတွင်းတွင် ဖြစ်ပွားခဲ့သည့် အုပ်စုလိုက် အကြမ်းဖက်မှုများကြောင့် ဒုက္ခရောက်ရသူများအား MSFက အကူအညီများ စတင်ပေးခဲ့ပြီး နောက်ပိုင်းတွင် MSF အနေဖြင့် ဘက်လိုက်ကြောင်း စွပ်စွဲချက်များ စတင်ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှစ၍ ဆန္ဒပြသူများသည် တစ်ရက်လျှင် တစ်နာရီနှုန်းဖြင့် စစ်တွေရှိ MSF ရုံးရှေ့တွင် နေ့စဉ် စုဝေး ဆန္ဒပြခဲ့ကြကာ MSFအဖွဲ့ ရခိုင်ပြည်နယ်မှ ထွက်ခွာသွားရေးကို တောင်းဆိုခဲ့ကြသည်။
No comments:
Post a Comment