Monday, March 3, 2014

mWomen ၀န်ဆောင်မှု အူရီးဒူး စတင်မည်

မောင်မန်း

GSMA ပရဟိတအဖွဲ့၏ အထောက်အပံ့ဖြင့် အူရီးဒူးကုမ္ပဏီက အမျိုးသမီး၊ မိခင်နှင့် ကလေးများအတွက် ကျန်းမာရေး စောင့်ရှောက်မှုအချက်အလက်များ အခမဲ့ရယူနိုင်မည့် mWomen မိုဘိုင်းဝန်ဆောင်မှုကို ပြည်တွင်းတွင် ဆောင်ရွက်သွားမည် ဖြစ်သည်ဟု အူရီးဒူးက ဖေဖော်ဝါရီ ၂၆ ရက်တွင် ထုတ်ပြန်လိုက် သည်။

အဆိုပါအစီအစဉ်တွင် မိုဘိုင်းမှတစ်ဆင့် တိုက်ရိုက်ဆက်သွယ်နိုင်ပြီး ခံစားနေရသောဝေဒနာများ၊ ကျန်းမာရေးပြဿနာများကို ဆွေးနွေးမေးမြန်းနိုင်မည်
ဖြစ်သည်။

အူရီးဒူးအနေဖြင့် ဈေးကွက်ဆောင်ရွက်ရာဒေသများတွင် အမျိုးသမီးများ တန်းတူအခွင့်အရေး ရရှိစေရန် ဆောင်ရွက်နေပြီး အမျိုးသမီးများအတွက် လိုအပ်သည့် သတင်းအချက်အလက်များအား ရရှိစေနိုင်ရန် ဆောင်ရွက်သွားမည်ဟုလည်း အူရီးဒူး မြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr.Ross Cormack က ထုတ်ပြန် ချက်တွင် ပြောထားသည်။

Mr. Ross Cormack က “အမျိုးသမီးထုအတွက် လိုအပ်မယ့်သတင်းအချက်အလက်တွေကို စိတ်တိုင်းကျရရှိ စေနိုင်ဖို့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေပါဝင်တဲ့ ကျွမ်းကျင်ပညာရှင်တွေနဲ့ Developer တွေပူးပေါင်း ပြီး ဆောင်ရွက်သွားဖို့ရှိပါတယ်။ ဒီလို ၀န်ဆောင်မှုတွေ ပေးသွားဖို့ GSMA ရဲ့ တီထွင်ကြံဆခြင်းဆိုင်ရာ ရန်ပုံငွေကိုရလို့ ၀မ်းသာပါတယ်”ဟု ဆိုသည်။

ယခု mWomen အစီအစဉ်သည် အမျိုးသမီးများအတွက် ကျန်းမာရေးဆိုင်ရာအချက်အလက်များ ရယူနိုင် မည့်အပြင် ကျန်းမာရေး အတတ်ပညာရှင်များ၊ ဆရာဝန်များ၊ သူနာပြုများနှင့် တိုက်ရိုက်ဆက်သွယ်နိုင်ပြီး ခံစားနေရသည့်ဝေဒနာများ၊ ကျန်းမာရေးပြဿနာများကို ဆွေးနွေးမေးမြန်းကာ လိုအပ်သည့်ကုထုံးများကို အဖြေ ရှာနိုင်မည်ဖြစ်သည်။

No comments: