သီဟကိုကို
ဟံသာဝတီလေဆိပ်စီမံကိန်း တည်ဆောက်ရန်အတွက် ယခင် တင်ဒါဝင်ပြိုင်ခဲ့သည့် ကုမ္ပဏီအုပ်စု လေး ခုစလုံးကို တင်ဒါ ပြန်လည်တင်ပြလျှောက်ထားရန် ညွှန်ကြားထားပြီး လေဆိပ်စီမံကိန်းကိုODA (official development assistance -တရားဝင်ဖွံ့ဖြိုးရေးအကူအညီ) ၅၀ ရာခိုင်နှုန်းဖြင့် ဆောင်ရွက်ခွင့်ပြုမည်ဖြစ် သည်ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။
ကုမ္ပဏီအုပ်စု လေးခုအနေဖြင့် ဧပြီလ ၂၂ ရက် နောက်ဆုံးထားကာ လေကြောင်းညွှန်ကြားမှုဦးစီးဌာနသို့ တင်ဒါပြန်လည်လျှောက်ထားရမည် ဖြစ်သည်။
ဟံသာဝတီလေဆိပ် တည်ဆောက်ရေးစီမံကိန်းအတွက် ယခင်တင်ဒါအောင်မြင်သည့် ကိုးရီးယားနိုင်ငံမှ အင်ချွန်းကုမ္ပဏီအုပ်စုနှင့် ငွေကြေး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့သော်လည်း ဆွေးနွေးမှု ရပ်ဆိုင်းသွားခဲ့သောကြောင့် အရန်တင်ဒါအောင်မြင်သည့်Yangnam ကုမ္ပဏီအုပ်စု (စင်ကာပူ)နှင့် ဆက်လက်ညှိနှိုင်းခဲ့ပြီးနောက်တွင် တင်ဒါဝင်ပြိုင်ခဲ့သည့် ကုမ္ပဏီလေးခုစလုံးကို တင်ဒါပြန်လည်လျှောက် ထားစေခဲ့ခြင်းဖြစ်သည်ဟု အထက်ပါတာဝန်ရှိပုဂ်္ဂိုလ်က ဆိုသည်။
အဆိုပါတာဝန်ရှိသူက ODA ပေးမယ့် နိုင်ငံအနေနဲ့ စီမံကိန်းတွေကို သေသေချာချာ လေ့လာဆန်းစစ်ပြီးမှ ပေးတာဖြစ်တဲ့အတွက် အချိန်ယူရတယ်။ ဒါကြောင့် အရင်တစ်ခေါက်တင်ဒါမှာ မစဉ်းစားခဲ့တာဖြစ်တယ်။ ဒါပေမယ့် လေဆိပ်စီမံကိန်း ကုန်ကျမဲ့ ငွေကြေးပမာဏက များပြားတဲ့အတွက် ကုမ္ပဏီတွေဘက်က Commercial Loan ကို နှစ်ရှည်ချေးရမှာ ဖြစ်တဲ့အတွက် အခက်အခဲရှိတယ်။ ဒါကြောင့် အခုတစ်ကြိမ်မှာ ODA ကို ထည့်သွင်းစဉ်းစားပေးရတာဖြစ်တယ်”ဟု ပြောသည်။
အင်ချွန်းကုမ္ပဏီအုပ်စုဖြင့် ငွေကြေးရင်းနှီးမြှုပ်နှံမှုနှင့်ပက်သက်၍ ညှိနှိုင်းရာတွင် အချက်အလက်တချို့ ကြောင့် ညှိနှိုင်းမှုရပ်ဆိုင်းပြီးနောက် စင်ကာပူကုမ္ပဏီအုပ်စုဖြင့် ဆက်လက်ညှိနှိုင်းရာတွင် ယင်းကုမ္ပဏီ က မူလအဆိုပြုထားသည့် ODA စနစ်ကို အဆိုတင်ပြလာကြောင်း၊ ယင်းအတွက် ODA ကို ၅၀ရာခိုင် နှုန်း ခွင့်ပြုပေးသွားရန်ရှိကြောင်း၊ သို့သော် မျက်နှာလိုက်သည့်ပုံစံမဖြစ်လိုသောကြောင့် ယခင် တင်ဒါတင် သွင်းထားသည့် ကုမ္ပဏီလေးခုကိုလည်း တင်ဒါများပြန်လည်တင်သွင်းရန် ဖိတ်ခေါ်ခဲ့ကြောင်း၊ တင်ဒါ တင်သွင်းသည့် ကုမ္ပဏီလေးခုစလုံးမှာ ODA ၅၀ ရာခိုင်နှုန်းဖြင့် လုပ်ငန်းဆောင်ရွက်ခွင့်ရရှိနိုင်မည်ဖြစ် ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အထက်ပါတာဝန်ရှိသူက ပြောသည်။
ODA သည်အစိုးရအချင်းချင်း(G TO G) အကူအညီပေးသည့် ပုံစံဖြစ်သည့်အတွက် ODA ဖြင့် လေဆိပ် တည်ဆောက်ရန် တင်ပြမည့် ကုမ္ပဏီ အနေဖြင့် ကနေဦးတွင် မိမိနိုင်ငံအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ရမည် ဖြစ်ပြီး အဆိုပါနိုင်ငံက မြန်မာနိုင်ငံတွင် ဆောင်ရွက်မည့်လုပ်ငန်းများကို လာရောက်လေ့လာမည်ဖြစ် သည်ဟု အထက်ပါအရာရှိက ပြောသည်။
ODA (official development assistance -တရားဝင်ဖွံ့ဖြိုးရေးအကူအညီ) ချေးငွေသည် အတိုးနှုန်း ၀ ဒသမ ၁ ရာခိုင်နှုန်းဖြင့် နှစ် ၄၀ နှစ်ရှည်ချေးငွေ ဖြစ်သည်။
ဟံသာဝတီလေဆိပ်စီမံကိန်း တည်ဆောက်ရေးစီမံကိန်းအတွက် ယခင်တင်ဒါပြိုင်ခဲ့သည့်Incheon(ကိုးရီးယား)၊Yangnam (စင်ကာပူ)၊Vinci (ပြင်သစ်)၊ Taisei (ဂျပန်) ကုမ္ပဏီအုပ်စု လေးခုစလုံးက တင်ဒါ များကို ပြန်လည်တင်သွင်းရမည် ဖြစ်သည်ဟုလည်း အထက်ပါအရာရှိက ပြောသည်။
ဟံသာဝတီလေဆိပ်စီမံကိန်းအတွက် ခန့်မှန်းကုန်ကျစရိတ်မှာ ဒေါ်လာတစ်ဘီလီယံကျော်ဖြစ်ပြီး အဆိုပါ လေဆိပ်ကို ၂၀၁၈ ခုနှစ်တွင် အပြီးတည်ဆောက်မည်ဖြစ်သည်ဟု တာဝန်ရှိသူများက ထုတ်ဖော်ပြောဆို ခဲ့ဖူးသည်။
လေဆိပ်ပြီးစီးပါက တစ်နှစ်လျှင် ခရီးသည် ၁၂ သန်းခန့်ကို ၀န်ဆောင်မှုပေးနိုင်မည်ဖြစ်သည်။
No comments:
Post a Comment