Monday, March 3, 2014

ပြည်တွင်းပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းက ဒေသတွင်း တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ခြိမ်းခြောက်နေဟု USAIDS ကပြော

နီနီမြင့်

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး အကျိုးဆက်များကို ကျေးလက်ဒေသများကိုမရောက်ရှိသေးကြောင်းနှင့် ပြည်တွင်းပဋိပက္ခများသည် အနာဂတ်တွင် ဒေသတွင်း မတည်ငြိမ်မှုများအပြင် နိုင်ငံခြားရင်းနှီးမြှပ်နှံသူများကိုပါ ခြိမ်းခြောက်သည့်သဘော သက်ရောက်နေသည်ဟု USAID၏ စီမံခန့်ခွဲရေးမှူး Dr Rajiv Shah က ပြောသည်။

"ဒီပဋိပက္ခတွေက သက်ဆိုင်ရာ ပြည်နယ်တွေအတွင်းသာမက တစ်နိုင်ငံလုံးအထိ အကျိုးဆက်တွေ ဖြစ်ပွားလာဖို့ ခြိမ်းခြောက်နေပါတယ်" ဟု ၎င်းက ဖေဖော်ဝါရီလ ၂၇ ရက်တွင် ကျင်းပသော The Power of Partnerships to Accelerate Rural Development ခေါင်းစဉ်ဖြင့် မိန်းခွန်းပြောသည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။

၎င်းးအနေဖြင့် မြန်မာနိုင်ငံသို့ နောက်ဆုံးလာခဲ့သည့် အချိန်နှင့် ယခုအချိန်တွင် တိုးတက်ပြောင်းလဲမှုများစွာ တွေ့ခဲ့ရသည်ဟုလည်း ဆိုသည်။အဆိုပါပြောင်းလဲမှုများထဲမှ နိုင်ငံတကာ ကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှပ်နှံရန် စိတ်ဝင်စားကြသည်မှာ တိုးတက်မှုများထဲမှ အချက်တစ်ချက်ဖြစသည်ဟု ဆိုသည်။

သို့သော်လည်း ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်မှုရေးမှာ စိန်ခေါ်မှုများအဖြစ် ဆက်လက်တည်ရှိနေကြောင်း၊ ထိုအထဲတွင် လူဦးရေ၏လေးပုံတစ်ပုံမှာ ဆင်းရဲမွဲတေမှု အတွင်းရှိနေခြင်း၊ ကလေးငယ်အများစုမှာ အာဟာရချို့တဲ့ခြင်း အပါအဝင် အခြား ကျန်းမာရေးအခက်အခဲများ ရှိနေခြင်းတို့ ပါဝင်ကြောင်း ၎င်းကပြောသည်။

"လယ်သမားတွေကို ဗဟုသုတတွေ ၊ စွမ်းရည်တွေမြင့်မားအောင် ပြုလုပ်ပေးပြီး ဆင်းရဲမှုကနေ သူတို့ကိုယ်တိုင် ထွက်နိုင်အောင် လုပ်ပေးနိုင်ပါတယ်။ USAIDSနဲ့အတူ ဒေသတွင်းအဖွဲ့တွေ၊ တခြား ပုဂ္ဂလိကအဖွဲ့တွေ၊ နိုင်ငံတကာ အန်ဂျီအိုတွေရဲ့ ပူးပေါင်းပြီး ဒေသတွင်း တိုးတက်အောင် လုပ်နိုင်မှာဖြစ်ပါတယ" ဟု၎င်းကပြောသည်။

Dr Rajiv Shah သည် မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီလ ၂၇ ရက်နှင့် ၂၈ ရက် နေ့များတွင် မြန်မာနိုင်ငံသို့ တရားဝင်လာရောက်ခဲ့သည်။

No comments: