ကိုမျိုး (IR)
တနှစ်မှာတခါ အပျော်ကြီးပျော်ကြမယ့် လူငယ်တွေ အတွက် ရင်ခုန်စိတ် လှုပ်ရှားစရာ ကောင်းတဲ့ နှစ်သစ်သင်္ကြန် ကာလဟာ သိပ်မကြာခင် ရက်ပိုင်းအတွင်း ရောက်ရှိလို့ လာတော့မှာ ဖြစ်ပါတယ်။ သင်္ကြန် မရောက်ခင် တလအလို လောက်ကတည်းက သင်္ကြန်ရနံ့တွေ ထုံမွှမ်းထားတဲ့ သင်္ကြန်သီချင်းသံတွေဟာလည်း ရောက်လေရာ ဝန်းကျင်တခွင် ရဲ့ လေထုအနှံ့မှာ လွင့်ပျံ့ဝေစည်လို့ နေခဲ့ပြန်ပါပြီ။
ဟိုးအတိတ် ကာလကတည်းက ဆင်နွှဲလာခဲ့တဲ့ မြန်မာ့ရိုးရာ အတာသင်္ကြန် ပွဲတော်အတွင်းမှာ ဖျော်ဖြေတင်ဆက်ဖို့ ဖန်တီးခဲ့ကြတဲ့ သင်္ကြန်သီချင်းတွေဟာ သူ့ခေတ်သူ့အခါအလိုက် ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ထွက်ပေါ်လာခဲ့ကြရာမှာ ဂီတ ပုံသဏ္ဌာန်တွေမျိုးစုံ ထွန်း ကား လာခဲ့တဲ့ ဒီနေ့ခေတ် ကာလမှာတော့ သင်္ကြန်နဲ့ပတ်သက်တဲ့ သီချင်း ပုံစံတွေဟာလည်း အမျိုးအစား စုံလင်စွာနဲ့ ပေါ်ထွက်လို့ လာခဲ့ကြလေရဲ့။
အဲဒီအထဲမှာမှ ခေတ်နဲ့လျော်ညီစွာ ဖန်တီးထားတဲ့ တချို့ သင်္ကြန်သီချင်း ပုံစံတွေဟာ ရာသီစာ အဖြစ် လူငယ်ထုရဲ့ အသည်းစိုင်ကို သင်္ကြန်ကာလ အတွင်းမှာ စွဲကိုင်လှုပ်ခါ နိုင်ခဲ့သလို ဂန္ထဝင်မြောက် သီချင်းရေး ဆရာကြီးတွေ ရေးသား ဖန်တီးခဲ့ကြတဲ့ သင်္ကြန် ပုံရိပ်ကို အမိအရ ဖမ်းဆုပ်ပြနိုင်တဲ့ သင်္ကြန် သီချင်းတွေဟာလည်း ခေတ်အဆက်ဆက် လူကြီး လူငယ်အားလုံးရဲ့ ရင်ထဲမှာ ဒီကနေ့ ဒီအချိန်ထိ နေရာယူ လွှမ်းမိုးထားနိုင်ဆဲ ဖြစ်ပါတယ်။
အဲဒီလို သူ့ခေတ် သူ့အခါလိုက် ထွက်ပေါ်လာခဲ့တဲ့ သင်္ကြန်သီချင်းတွေထဲမှာ ဒီဘက်ခေတ် အမြင်နဲ့ ကြည့်ရင် ခေတ်ရှေ့လည်း မရောက်၊ ခေတ်နောက်လည်း ကျမနေသလို သင်္ကြန်ကာလ အတွင်းမှာ လူငယ်တွေရဲ့ သွေးခုန်နှုန်းကို ဆူဝေပေါက်ကွဲမှု မဖြစ် စေ ဘဲ သင်္ကြန်ပုံရိပ်ရဲ့ ပျော်ရွှင်မှု အဟုန်တွေ စီးဝင်ကူးဆက် သွားစေမယ့် သင်္ကြန်သီချင်း ခွေတခွေ ထွက်ပေါ်လို့ လာခဲ့ဖူးပါတယ်။ အဲဒီ သီချင်းခွေဟာ ဒီကနေ့ ဒီအချိန်ထိ သင်္ကြန်မဏ္ဍပ်တိုင်းက လူငယ်တွေ နားဆင် ခံစားနေကြဆဲ ဖြစ်တဲ့ သင်္ကြန်သီချင်းခွေ တခွေလည်း ဖြစ်ပါတယ်။
အဲဒီ အခွေကတော့ နိုင်ငံကျော် ဂီတအဖွဲ့တဖွဲ့ ဖြစ်တဲ့ EMPEROR အဖွဲ့ရဲ့ “Rock ‘N’ Roll သင်္ကြန်” ဆိုတဲ့ Copy သီချင်းခွေပဲ ဖြစ်ပါတယ်။ နှစ်တိုင်း နှစ်တိုင်းမှာ သင်္ကြန်နဲ့ ပတ်သက်တဲ့ ရာသီစာ သင်္ကြန်သီချင်းခွေ သစ်တွေ ပေါ်ထွက် လာနေမြဲ ဖြစ်သလို မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို မပျောက်စေတဲ့ သင်္ကြန်သီချင်းခွေတွေလည်း ဒုနဲ့ဒေး ရှိနေကြတဲ့ အထဲမှာမှ ဒီ “Rock ‘N’ Roll သင်္ကြန်” သီချင်း ခွေဟာ လူကြီးလူငယ် အားလုံးအတွက် အစွန်းနှစ်ဖက်ကြားမှာ ရှိနေတဲ့ သီချင်းပုံစံတွေ ပါဝင်နေတာကို သတိထားမိခဲ့ ပါတယ်။ ဒါကြောင့် မကြာခင် ရက်ပိုင်းအတွင်းမှာ ရောက်ရှိလာတော့မယ့် သင်္ကြန် ကာလအတွင်းမှာ ဒီ “Rock ‘N’ Roll သင်္ကြန်” Album ကို ပြန်လည် နားဆင် ခံစားကြည့်စေလိုတဲ့ ဆန္ဒနဲ့ ညွှန်းဖွဲ့ပေးချင်ပါတယ်။
ဘာ့ကြောင့်လဲ ဆိုရင် တချိန်က ခေတ်စား ကျော်ကြားခဲ့တဲ့ ကော်ပီ သီချင်းတွေကို သုခမိန်လှိုင်၊ မင်းချစ်သူတို့လို နိုင်ငံကျော် တေး ရေး ဆရာတွေက ခေတ်ရေစီးကြောင်းရဲ့ သင်္ကြန်ပုံရိပ်တွေကို မြင်သာခံစားမိလာအောင် ထိမိတဲ့ စကားလုံး အကြောင်းအရာတွေနဲ့ ပုံဖော်ပေးထားတဲ့ အပြင် သီချင်းပုံစံတွေကလည်း နားဆင်ခံစားသူရဲ့စိတ်ကို မြူးကြွ လာစေမယ့် သီချင်းပုံစံတွေ ဖြစ်နေလို့ပါပဲ။
ဒီ Album ထဲမှာ ပါဝင်တဲ့ သီချင်းတိုင်းက Rock ‘N’ Roll ဂီတပုံစံ ပေါ်မှာ အခြေခံထားတာ ဖြစ်လို့ သီချင်းအားလုံး လိုလို သင်္ကြန် အတွင်း နားဆင် ခံစားသူရဲ့စိတ်ကို လှုပ်နှိုးမြူးကြွစေ နိုင်တာကို တွေ့ရပါတယ်။ အဲဒီအထဲမှာမှ “ရော့ခ်အင်ရိုး ကောင်မလေး”၊ “ကဲနေပြီ”၊ “တို့တွေမြူးမယ်”၊ “ဖြူနီပြာဝါ”၊ “မြူးမယ်”၊ “ပြန်တွေ့ချင်တယ်” နဲ့ “လျှောက်လည် ကြစို့” ဆိုတဲ့ သီချင်းတွေဟာ သင်္ကြန်ကာလနဲ့ လိုက်ဖက်မှု ရှိတဲ့ သီချင်းတွေပဲ ဖြစ်ပါတယ်။
ဒီ Album ရဲ့ အဖွင့် သီချင်းတပုဒ် ဖြစ်တဲ့ “ရော့ခ်အင်ရိုး ကောင်မလေး” သီချင်းဟာ သင်္ကြန် အငွေ့အသက် သိပ်မပါဘဲ ရိုးရိုး Rock ‘N’ Roll သီချင်းပုံစံ ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါပေမယ့် သီချင်းပုံစံနဲ့ အကြောင်းအရာက ကောင်မလေးတယောက်ရဲ့ လည်လွန်းပွေလွန်းတဲ့ အကြောင်းကို ရေးဖွဲ့ထားတာ ဖြစ်လို့ သင်္ကြန်နဲ့ လိုက်ဖက်တဲ့ သီချင်း တပုဒ်တော့ ဖြစ်လာခဲ့ပါတယ်။ ရှေ့ခေတ် Rock ‘N’ Roll ပုံစံပေါ်မှာ အခြေတည် ထားတဲ့ ဒီသီချင်းရဲ့ Frame လေးက ချစ်စရာကောင်းပြီး မြူးကြွတဲ့ ခံစားမှုကို ပေးစွမ်းနိုင်တာမို့ သင်္ကြန်တွင်း လျှောက်လည်ရင်း မိန်းကလေးတွေကို စချင်ပြောင်ချင်တဲ့ လူငယ်တွေ အတွက်တော့ လိုက်ဆိုလို့ကောင်း မယ့် သီချင်းတပုဒ်ပါပဲ။
“ကဲနေပြီ” သီချင်းရဲ့ မြူးကြွတဲ့ တေးသွားရဲ့ စာသား အကြောင်းအရာက အံဝင်ခွင်ကျ ဖြစ်လှပြီး Rock ‘N’ Roll ဂီတပုံစံတွေပေါ်မှာ ပျော်ဝင်လွယ်တတ်တဲ့ ကိုညီထွဋ်ရဲ့ Vocal ကလည်း စေးစေး ပိုင်ပိုင်ရှိတာကို တွေ့ရပါတယ်။ သင်္ကြန်မှာ အပြတ်ကဲနေပြီ ဆိုတဲ့ အကြောင်းကို လူငယ်ကြိုက် စကားလုံး ဆန်းဆန်းလေးတွေနဲ့ ရေးဖွဲ့ထားတာမို့ ဒီနှစ် သင်္ကြန်မှာ အပီကဲဖို့ စိတ်ကူး ထားကြတဲ့ လူငယ်တွေအတွက်တော့ ကြိုတင်ရင်ခုန် စိတ်လှုပ်ရှားစရာ ကောင်းတဲ့ Rock ‘N’ Roll သင်္ကြန် သီချင်းကောင်းတပုဒ်ပဲ ဖြစ်ပါတယ်။
အဲဒီ သီချင်းနဲ့ အကြောင်းအရာခြင်း ခပ်ဆင်ဆင်တူတဲ့ နောက်ထပ်သီချင်းတွေကတော့ “တို့တွေ မြူးမယ်” နဲ့ “မြူးမယ်” ဆိုတဲ့ သီချင်း နှစ်ပုဒ်ပဲ ဖြစ်ပါတယ်။ Rock ‘N’ Roll ဂီတဟန်တွေမှာ အများဆုံး တွေ့ရလေ့ရှိတဲ့ Guitar Scale တွေရဲ့ မြိုင်ဆိုင်မှုနဲ့ Drum Beat ရဲ့ စည်းချက်တွေက သင်္ကြန် အတွင်းမှာ မြူးပျော်ကြမယ့် သူတွေရဲ့ စိတ်ကို ပိုမိုမြူးကြွ လာအောင် ဆွဲခေါ်သွားနိုင်မယ့် သီချင်း တွေပဲ ဖြစ်ပါတယ်။
ဒီ Album ထဲမှာ ပါဝင်တဲ့ Rock ‘N’ Roll ဂီတပုံစံတွေထဲက အထူးခြားဆုံး သီချင်းတပုဒ်လို့ ဆိုရမယ့် သီချင်းကတော့ “ဖြူနီပြာဝါ” ဆိုတဲ့ သီချင်းပဲ ဖြစ်ပါတယ်။ သီချင်း Title အရလည်း ဆန်းသလို သီချင်းပုံစံကလည်း ခေတ်သစ် Rock ‘N’ Roll ဂီတဘက်ကို ပိုရောက်နေတာ တွေ့ရပါတယ်။ အတာသင်္ကြန်မှာ ပျော်မြူးဆင်နွှဲ နေကြတဲ့ မိန်းကလေးတွေရဲ့ သူ့အလှနဲ့သူ တယောက်တမျိုးစီ လှနေတဲ့ အကြောင်းကို ဆန်းသစ်တဲ့ ရှုထောင့်ကနေ စကားလုံး အလှလေးတွေနဲ့ ဖန်တီးရေးဖွဲ့ ပေးထားတာ ဖြစ်လို့ သီချင်းပုံစံ အရရော စကားလုံး အကြောင်းအရာ အရပါ ဘယ်တော့မှ ရိုးအီ မသွားနိုင်တဲ့ သီချင်းတပုဒ် အဖြစ် ခေတ်အဆက်ဆက် သင်္ကြန်ပွဲတော်တိုင်းမှာ အမြဲသက်ဝင် စီးဆင်းနေမယ့် သီချင်း တပုဒ်လို့ ဆိုနိုင်ပါလိမ့်မယ်။
“မြန်မြန်လေးလောင်း” သီချင်းကလည်း အကြောင်းအရာ အရ တခြားသီချင်း အကြောင်းအရာ တွေထဲက ခွဲထွက်နိုင်တဲ့ သီချင်း တပုဒ်ပါ။ သီချင်းပုံစံ က Oldies Rock ‘N’ Roll ပုံစံမျိုး ဖြစ်ပြီး သင်္ကြန်အတွင်းမှာ ကိုယ်ချစ်တဲ့သူ လောင်းလာမယ့် မေတ္တာရေကို မျှော်လင့်နေတဲ့ လူတယောက်ရဲ့ ခံစားမှုကို ပုံဖော်ထားတဲ့ အကြောင်းအရာမျိုး ဖြစ်တာကြောင့် လူငယ်အများစု အကြိုက် တွေ့ကြ မယ့် သီချင်းတပုဒ် ဖြစ်ပါတယ်။
“တို့ ပြန်တွေ့ချင်တယ်” Rock ‘N’ Roll Album ထဲက ရင်ဂိုရဲ့ တပုဒ်တည်းသော သီချင်း ဖြစ်ပြီး ရင်ဂိုရဲ့ ပါးလျချိုမြတဲ့ Vocal Color နဲ့ သီချင်းပုံစံက လိုက်ဖက်မှု ရှိတာကို တွေ့ရပါတယ်။ သင်္ကြန်ရက်တွင်း ကားတစီးတည်းမှာ ကိုယ့်ချစ်သူနဲ့ နှစ်ယောက်တည်း လျှောက်လည်ကြတဲ့ အကြောင်းကို ရေးဖွဲ့ထားပြီး ရိုးရှင်းတဲ့ Melody တေးသွားပေါ်မှာ Expression ပါတဲ့ ရင်ဂိုရဲ့ ဆိုဟန်ကြောင့် မြူးကြွတဲ့ သင်္ကြန်သီချင်း တပုဒ်အဖြစ် ရုပ်လုံးကြွ လာပါတယ်။ သင်္ကြန်မှာ ကိုယ့်ချစ်သူနဲ့ နှစ်ယောက်တည်း လျှောက်လည်ဖို့ စိတ်ကူး ပြင် ဆင်ထားကြတဲ့ ချစ်သူ စုံတွဲတွေ အတွက်တော့ ရင်ခုန်စရာ ကောင်းမယ့် သီချင်းတပုဒ်ပါပဲ။
“လျှောက်လည်ကြစို့” သီချင်းကတော့ ကွယ်လွန် သွားရှာပြီဖြစ်တဲ့ ဟယ်ရီလင်းရဲ့ ဒီ Album ထဲက တပုဒ်တည်းသော သီချင်းပဲ ဖြစ်ပါတယ်။ သီချင်းပုံစံ Rock ‘N’ Roll ဘက်ကို သိပ်မရောက်ဘဲ Rock ဘက်ကို ပိုကဲတာ တွေ့ရပါတယ်။ ဟယ်ရီလင်းရဲ့ အသံပါဝါက သီချင်းပုံစံနဲ့ လိုက်ဖက်မှု ရှိပြီး သင်္ကြန်မှာ လျှောက်လည်ဖို့ ကိုယ့်ချစ်သူကောင်မလေးကို တောင်းဆိုနေတဲ့ အကြောင်းအရာကြောင့် ဒီနှစ်သင်္ကြန်မှာ ကိုယ့်ချစ်သူ ကောင်မလေးနဲ့ လျှောက်လည်ဖို့ ခွင့်တောင်း ထားတဲ့ သူများ အတွက်လည်း တိုက်ဆိုင်မှု ရှိတဲ့ သီချင်းတပုဒ် ပါပဲ။ ဒါ့အပြင် သင်္ကြန်ပွဲတော် အတွင်းမှာ ဟယ်ရီလင်း အလွမ်းပြေ လိုက်ဆို၊ လိုက်မြူးလို့ ကောင်းမယ့် သီချင်းတပုဒ် လည်း ဖြစ်ပါတယ်။
ဒီ Album ထဲမှာ “Rock ‘N’ Roll သင်္ကြန်” ခေါင်းစဉ်နဲ့ လိုက်ဖက်မှု မရှိတဲ့ သီချင်းတပုဒ်ကတော့ ကာရံလေးဆိုတဲ့ သီချင်းပဲ ဖြစ်ပါတယ်။ ဒီသီချင်းကို မျိုးကျော့မြိုင်က Acoustic Mood ပုံစံနဲ့ သီဆိုထားပြီး မိန်းကလေးတယောက်ရဲ့ အလှကို တင်စားဖော်ကျူး ထားတဲ့ အကြောင်းအရာမျိုး ဖြစ်ပါတယ်။ သီချင်း Melody နဲ့ Style အရ ထူးခြားမှု ရှိတယ်လို့ ပြောနိုင်ပေမယ့် တခြားသင်္ကြန်သီချင်း ပုံစံတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတာကြောင့် နားဆင်ခံစားသူ Feeling ရဲ့ Tempo ကို လျှော့ချလိုက်သလို ဖြစ်သွားစေပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် သီချင်း Melody နဲ့ Style အရ ထူးခြားတဲ့ သီချင်းတပုဒ် ဖြစ်နေတာကြောင့် “Rock ‘N’ Roll သင်္ကြန်” သီချင်း တွေ ကြားမှာ ဆန်းသစ်တဲ့ သီချင်းလေး တပုဒ်အဖြစ် ခံစားမှု ရသတမျိုး ပေးစွမ်းနိုင်ပါ လိမ့်မယ်။
ဒါ့အပြင် ဒီ Album ထဲမှာ ပါဝင်တဲ့ “ဆက်စောင့်နေမယ်”၊ “ဗီးနပ်စ်”၊ “ပြောလိုက် ပြောလိုက်” စတဲ့ သီချင်းတွေ ကလည်း ရာသီစာ သင်္ကြန်သီချင်းတွေ အဖြစ် မြူးကြွ သက်ဝင်နေတာမို့ ခေတ်အဆက်ဆက် သင်္ကြန်ပွဲတော်တိုင်းမှာ ထာဝရ စီးဆင်းနေမယ့် သင်္ကြန် ဂီတမြစ် တစင်း အဖြစ် ၂၀၁၄ ခုနှစ်၊ နှစ်သစ်သင်္ကြန် ပွဲတော်အတွက် အမှတ်တရ ပြန်လည် ညွှန်းဖွဲ့ပေး လိုက်ပါတယ်။

No comments:
Post a Comment