Wednesday, January 28, 2009

ကြွက်နှင့် မုန်တိုင်းကြောင့် မြန်မာပြည်တွင် ရိက္ခာရှားပြီ

ဇာနည်ဝင်း Wednesday, 28 January 2009

ပြီးခဲ့သည့်နှစ်က တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းနှင့် ချင်းပြည်နယ်တွင် သောင်းကျန်းခဲ့သည့် ကြွက်များ ကြောင့် မြန်မာနိုင်ငံ အနှံ့အပြားတွင် စားနပ်ရိက္ခာ ရှားပါးမှုနှင့် ရင်ဆိုင်ရဖွယ် ရှိသည်ဟု ယနေ့ ထုတ်ပြန်သည့် ကမ္ဘာ့ ကုလသမဂ္ဂ၏ အစီရင်ခံစာ တစောင်ကို ကိုးကားပြီး အေပီသတင်းတပုဒ်တွင် ရေးသားထားသည်။

မုန်တိုင်းဒဏ် အပြင်း အထန် ခံခဲ့ရသည့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသအတွက် အစားအစာ တန်ချိန် ၈၅ဝဝဝ အရေးပေါ် လိုအပ်မည်ဟု ကမ္ဘာ့ ကုလသမဂ္ဂ စားနပ်ရိက္ခာ နှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)၊ ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့ (WFP) တို့၏ ပူးတွဲ အစီရင် ခံစာတွင် ဖော်ပြထားခြင်း ဖြစ်သည်ဟု ဆိုသည်။

ကြွက်များ ကိုက်ဖြတ် ဖျက်ဆီးခဲ့ ခြင်းကြောင့် အသီးအနှံများ ပျက်စီးခဲ့ရသည့် ချင်းပြည်နယ် တွင်လည်း ရိက္ခာ လိုအပ်ချက် ရှိမည်ဟု သိရသည်။ စားနပ်ရိက္ခာ အကူအညီ လိုအပ်သည့် ဒေသတွင် ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသလည်း ပါဝင်သည်။

ချင်းပြည်နယ်တွင် ပြီးခဲ့သည့် ၂ နှစ်အတွင်း ကြွက်များ၏ ဖျက်ဆီးမှု၊ မိုးခေါင်ရေရှားမှုကြောင့် သီးနှံအထွက်နှုန်း အလွန်အမင်း နည်းပါးရခြင်းဖြစ်သည်။

ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင်လည်း ၂ဝဝ၈ ခုနှစ် နာဂစ် မုန်တိုင်းကြောင့် လူပေါင်း တသိန်းကျော် သေကြေ၊ ပျောက်ဆုံးခဲ့ပြီး၊ လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းများလည်း ပျက်စီးခဲ့သည်။

စစ်အစိုးရအာဘော် သတင်းစာများတွင်မူ အာဏာပိုင်တို့က လေဘေးသင့် ပြည်သူများ၏ လူနေမှု ဘဝကို မူလ အခြေအနေထက် သာလွန် တိုးတက် ကောင်းမွန်စေလိုသည့် စေတနာဖြင့် ဂရုတစိုက် အလေးထား ကူညီနေကြောင်း ရေးသား ဖော်ပြလေ့ ရှိသည်။

မြန်မာပြည်၏ စပါးကျီဟု တင်စားကြသည့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသ၏ စပါး အထွက်နှုန်းသည် ၂ဝဝ၈ ခုနှစ် နှစ်လယ်ပိုင်းတွင် ၃၂.၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု FAO အဖွဲ့မှ စီးပွားရေး ပညာရှင် တဦး ဖြစ်သူ Cheng Feng က အေပီ သတင်းဌာနသို့ ရှင်းပြခဲ့သည်။ ထိုသို့ ကျဆင်းရခြင်းမှာ နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့စဉ်က စပါးစိုက်မြေတွင် ဆားငန်ရည် ဝင်ရောက်ပြီး စိုက်မြေ အများအပြား ပျက်စီးခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

No comments: