Thursday, January 29, 2009

ဂျောက်ဂျက်ဂယက် -အမျိုးသမီးများ၏ အသံ

မဇ္ဈိမသတင်းဌာန

ချင်းမိုင် (မဇ္ဈိမ)။ ။ ဂယက်ရိုက်နေသော ဟစ်ဟော့အဆိုတော် ဂျောက်ဂျက်၏ အငြင်းပွားဖွယ်ရာ သီချင်းစာသားများအပေါ် ထားရှိသည့် အမြင်သဘောထားကို သိရှိနိုင်ရန်အတွက် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ နယ်ပယ်အမျိုးမျိုးက အမျိုးသမီး ၅ ဦးကို ဆက်သွယ်မေမြန်းကြည့်ရာ သူတို့က သီချင်းစာသားများသည် ကြမ်းတမ်း၊ ရိုင်းပြသည်ဟု တညီတညွတ်တည်း ဆိုကြသည်။

သူတို့သည် သတင်းထောက်၊ ဒါရိုက်တာ၊ ဘလော့ဂ်ဂါ၊ ကွန်ပြူတာနည်းပညာရှင်၊ အရပ်သူတို့ဖြစ်သည်။ သူတို့၏ အမည်များကိုမူ ထည့်သွင်း အသုံးမပြုရန် မေတ္တာရပ်ခံခဲ့ကြသည်။

ဂျောက်ဂျက်၏ ခိုးကူး ခွေများမှာမူ ရန်ကုန်မြို့တွင် အတိုင်းအတာတခုထိ ပျံ့နှံနေပြီး လူပြောများနေသည်။

အသက် ၂၂ နှစ်အရွယ် ဂျောက်ဂျက်အား ယခုလလယ်ပိုင်းက စာပေစိစစ်ရေးနှင့် မြန်မာနိုင်ငံ ဂီတအစည်းအရုံးက ခေါ်ယူကာ ခံဝန်ကတိ လက်မှတ်ထိုးခိုင်းခဲ့သည်။ သူသည် ၂၀၀၄ ခုနှစ်က ဟစ်ဟော့လောကထဲသို့ စတင် ၀င်ရောက်လာသူဖြစ်ပြီး အမည်ရင်းမှာ ဇင်မင်းလွင် ဖြစ်သည်။

ဂျောက်ဂျက်အင်တာဗျူးများ ဖော်ပြထားခဲ့ဖူးသော မြန်မာအိုင်အာစီနှင့် မြန်မာစကားဝိုင်းဘလော့ဂ်တွင် ယခုအခါတွင် ဂျောက်ဂျက်နှင့် ပတ်သက်သော သီချင်းဆွေးနွေးချက်များ မတင်ရဟူ၍ ကန့်သတ်ထားသည်။

အမျိုးသမီးများ၏ အမြင်များကို မဇ္ဈိမသတင်းထောက် ဖနိဒါက စုစည်းတင်ပြထားပါသည်။


အသက် ၂၀ နှစ်အရွယ် သတင်းထောက်

အခု လူငယ်တွေက Hip hop ကို ကြိုက်တယ်။ အရင်ထက် လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းဆိုတာကို လက်ခံပေမယ့် မြန်မာမိန်းကလေးတွေကို စော်ကားပြီး ပြောနေတာက ၀ါးလုံးရှည်နဲ့ ယမ်းပြီး ရိုက်သလို ခံစားရတယ်။

ဒီကောင်ဆိုတာကတော့ ရိုင်းတယ်။ ဒါကို နိုင်ငံရေးသမားတွေက လိုင်းပေါ်တင်လိုက်တယ်။ အဲလိုပဲ မြင်တယ်။ ထွက်ပေါက်လို့ နိုင်ငံရေးသမားတွေက ပြောကြတယ်။ ဒါပေမဲ့ ထွက်ပေါက်က လမ်းမှားနေတယ်။ ဒါမျိုးလည်း ဖြစ်တတ်ပါတယ်။


အသက် ၂၃ နှစ်အရွယ် သာမန်အရပ်သူ

ကန့်ကွက်သင့်တာပေါ့။ ဒီလိုမျိုး မဆိုသင့်ဘူးလို့။ အခု အမြန်ဆုံး ပိတ်သင့်တယ်။ ဖြစ်နိုင်ရင် ထောင်တောင် ချသင့်တယ်လို့ ထင်ပါတယ်ရှင်။


အမ်ဳိးသမီး ဘေလာ့ဂ္ဂါ

က်မ မႀကိဳက္ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရမ်းရိုင်းတယ်။ ဒီသီချင်း စာသားတွေ ညစ်ပတ်တယ်။ သူ့ကို ဆိုခွင့်မပြုရဘူး။ အရမ်းကို ရိုင်းတယ်။
သူ့ကို ပြောချင်တယ်။ မင်းဟာ ရိုင်းစိုင်းပြီးတော့ အရမ်းကို မိုက်ရိုင်းတဲ့ လူပဲ။ မင်း အရမ်း ရှက်သင့်တယ်။


အသက် ၂၁ နှစ်အရွယ် ကွန်ပြူတာနည်းပညာရှင်

ဒါဟာ အနုပညာမဟုတ်ဘူး။ အနုပညာဆိုတာက နူးညံ့ယဉ်ကျေးတယ်။ အခုက Hip hop တွေကနေ အမျိုးသမီးတယောက်အနေနဲ့ ပြောချင်တယ်။ ဂျောက်ဂျက်ဟာ ပညာအဆင့်တန်းနိမ့်ကျတဲ့သူပဲ။ သူ့မိသားစု တကွဲတပြား နေရတာလည်း ဖြစ်နိုင်တယ်။ အဲဒါကြောင့် သူက အမျိုးသမီးတွေအပေါ် စိတ်ပျက်၊ စိတ်တိုနေတာလည်း ဖြစ်မယ်။ ကျမ တယောက်ထဲရဲ့ ခံစားချက်ကတော့ သူ့ကို အထင်သေးတယ်။ အမျိုးသမီးတွေအကြောင်း ဆိုထားတဲ့ သူ့သီချင်းနဲ့ တခြား သီချင်းတချို့ကိုပါ အကုန်လုံးကိုတော့ မပြောပါဘူး။

ကျမထင်တာက ကျမတို့ သူ့ကို ပညာပေးသင့်တယ်လို့ ထင်တယ်။ ဘာလဲဆိုတော့ အမျိုးသမီးတွေဆိုတာ ဘာလဲ။ နောက်ပြီးတော့ အမျိုးသားတွေနဲ့ အမျိုးသမီးတွေရဲ့ တန်းတူညီမှုဆိုတာ ဘာလဲ ဆိုတာမျိုးတွေကိုပေါ့။


ရုပ်ရှင် ဒါရိုက်တာ

လူငယ်တွေကြားမှာ ပြောနေကြတာ။ တော်တော်လေး မိုက်ရိုင်းတဲ့ စကားလုံးတွေ ပါတဲ့အတွက် မိန်းကလေးတွေကို ပြောတယ်ဆိုတာက အကောင်းအဆိုးတော့ ရှိမှာပဲလေ။ ဒီလိုတော့ မပြောသင့်ပါဘူး။ ဒီသီချင်းက ဆင်ဆာတောင် လက်မခံတဲ့ သီချင်းလေ။ ဒီလိုသီချင်းကို ပိတ်ပင်သင့်ပါတယ်လေ။ ပြီးတော့ ဒို့ မြန်မာ့ယဉ်ကျေးမှုကိုလည်း အရမ်းကို မလေးစားတော့သလို ဖြစ်လာတယ်လေ။ ဒါကြောင့် ကန့်ကွက်ရမယ်။ တကယ် ပျက်စီးနေတဲ့ မိန်းကလေးတွေကို ညွှန်းပြီးဆိုတယ် ဆိုရင်တောင် ဒီလိုတော့ မပြောသင့်ပါဘူး။

No comments: