Monday, January 26, 2009

ဝါရှင်တန်သံအမတ်ဟောင်း ဦးလင်းမြိုင်ကိုနအဖက အမေရိကန်ပြန်လွှတ်ဟု အတိုက်အခံ စွပ်စွဲ

NEJ/ ၂၆ ဇန်န၀ါရီ ၂၀၀၉

တချိန်က အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီမြို့၌ မြန်မာသံအမတ်တာဝန်ထမ်းဆောင်ခဲ့သူ သံအမတ်ဟောင်း ဦးလင်းမြိုင် မကြာခင်က အမေရိကန်နိုင်ငံ ပြန်ရောက်နေသည်ဟု ရန်ကုန်မြို့မှ ဦးလင်းမြိုင်နှင့် နီးစပ်သူများက အတည်ပြုပြောသည်။

ဝါရှင်တန် မြန်မာသံရုံးမှတဆင့် အိုဘားမား၏ အမေရိကန်အစိုးရသစ်အား ချဉ်းကပ်ပြီး မြန်မာစစ်အစိုးရအပေါ် စီးပွားရေးပိတ်ဆို့မှုရုပ်သိမ်းရေး စည်းရုံးရန်အတွက် မြန်မာစစ်အစိုးရက ဦးလင်းမြိုင်ကို ယခုကဲ့သို့ တိုးတိုးတိတ်တိတ် စေလွှတ်ခဲ့ခြင်းဖြစ်သည်ဟု ၀ါရှင်တန် အတိုက်အခံရပ်ကွက်က ပြောသော်လည်း အဆိုပါအချက်ကို ခေတ်ပြိုင်က အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်။

မြန်မာသံအမတ်ဟောင်း ဦးလင်းမြိုင်သည် ယခုတခေါက် အမေရိကန်သို့ ၀င်လာရန်အတွက် လက်ရှိ ၀ါရှင်တန်မြန်မာသံရုံး ယာယီတာဝန်ခံ ဒုတိယဗိုလ်မှူးကြီးမြင့်လွင်နှင့် ချိတ်ဆက်လုပ်ပြီး ရောက်လာခြင်းဖြစ်သည်။

မြန်မာသံအမတ်ဘ၀က အမေရိကန်အစိုးရပိုင်းနှင့် အတန်အသင့် ဆက်ဆံနိုင်ခဲ့သည့်အတွက် စီးပွားရေးပိတ်ဆို့မှုရုပ်သိမ်းရေး အောင်မြင်ရန်အတွက် မြန်မာသံရုံးကို နောက်ကွယ်မှ ကြိုးကိုင်အကြံပေးရန် မြန်မာစစ်အစိုးရက လွှတ်လိုက်ခြင်းဖြစ်သည်ဟု ၀ါရှင်တန်မြန်မာသံရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။

သို့သော် ရန်ကုန်အမေရိကန်သံရုံးက မြန်မာသံအမတ်ဟောင်း ဦးလင်းမြိုင်၏ ပထမအကြိမ် ဗီဇာလျှောက်ထားမှုကိုငြင်းဆိုပြီး နောက်တကြိမ် ဗီဇာလျှောက်မှ အမေရိကန်ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ဦးလင်းမြိုင်၏ မိတ်ဆွေ အသိုင်းအ၀န်းက အတည်ပြုပြောသည်။ မြန်မာသံအမတ်ဟောင်း ဦးလင်းမြိုင်အား မည်သူမည်ဝါဖြစ်သည်ကို သိလျက် ရန်ကုန်အမေရိကန်သံရုံးမှ အဘယ့်ကြောင့် ဗီဇာထုတ်ပေးသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

မြန်မာသံအမတ်ကြီး ဦးလင်းမြိုင်သည် ဝါရှင်တန်မြို့ မြန်မာသံရုံးတွင် တာဝန်ထမ်းဆောင်နေစဉ်အတွင်း မြန်မာ အတိုက်အခံများ မြန်မာနိုင်ငံအပေါ် အမေရိကန်စီးပွားရေး ပိတ်ဆို့မှု ဆန့်ကျင်လာအောင် နည်းအမျိုးမျိုးဖြင့် တက်တက်ကြွကြွ စည်းရုံးရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

မြန်မာသံအမတ်ကြီး ဦးလင်းမြိုင် ဝါရှင်တန်တွင် တာဝန်ထမ်းဆောင်နေစဉ် တွေ့ဆုံခဲ့သည့် အတိုက်အခံများထဲတွင် မြန်မာနိုင်ငံလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ခေါင်းဆောင် ဒေါက်တာဇာနည်လည်း ပါဝင်ခဲ့သည်ဟု စုံစမ်းသိရသည်။ ဗိုလ်ချုပ်ကြီးခင်ညွန့်လက်ထက် ဒေါက်တာဇာနည် မြန်မာပြည်ပြန်ပြီး နအဖထိပ်တန်းအရာရှိအချို့နှင့် တိတ်တဆိတ်လာတွေ့သည့် အကြောင်းကို မြန်မာသံအမတ်ကြီး ဦးလင်းမြိုင်က အမေရိကန် မြန်မာအတိုက်အခံများအား ဖုန်းဆက်ပြောခဲ့သည်ဟု အတိုက်အခံအချို့က စွပ်စွဲခဲ့သည်။

မြန်မာ့အရေး ဆောင်ရွက်နေသည့် အမေရိကန် အထက်လွှတ်တော် အမတ်များဖြစ်သည့် Mitch McConnell နှင့် Dianne Feinstein တို့က မြန်မာသံအမတ်ကြီး ဦးလင်းမြိုင်အား အမေရိကန်မှ နှင်ထုတ်ရန် ထိုအချိန်က နိုင်ငံခြားရေးဝန်ကြီး ကော်လင်းပါဝဲထံ စာရေးတောင်းဆိုခဲ့ဖူးသည်။ ဗိုလ်ချုပ်ကြီးခင်ညွန့် ပြုတ်ပြီးမကြာခင် ဦးလင်းမြိုင်အပါအ၀င် နိုင်ငံခြားရှိ မြန်မာသံအမတ်များကို ၂၀၀၄ ခု ဒီဇင်ဘာ (၂) ရက်နေ့ ရန်ကုန်အရောက် စစ်အစိုးရက ရုတ်တရက် ပြန်ခေါ်ခဲ့သည်။

အမေရိကန်နိင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလင်းမြိုင်အား နအဖက ရန်ကုန်ပြန်ခေါ်ပြီးနောက် နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်ရာထူး ခန့်ခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန စီမံရေးနဲ့အုပ်ချုပ်ရေးဌာန၏ ထိုအချိန်က ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး ကိုကို ကျော်ကို အငြိမ်းစားပေးပြီး အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့က မြန်မာသံအမတ်ကြီး ဦးလင်းမြိုင်နှင့် အစားထိုး ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ရာထူးမှ ပြုတ်သွားသည့် ဗိုလ်မှူးကြီး ကိုကိုကျော်သည် ၁၉၉၉ ခုနှစ်က မလေးရှားနိုင်ငံ မြန်မာသံရုံးတွင် စစ်သံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

၂ဝဝ၃ ခုနှစ် အောက်တိုဘာ (၂၁) ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် နအဖ ကြေညာခဲ့သည့် အမျိုးသားညီလာခံ ကျင်းပရေး ကော်မတီဝင် (၄၃) ဦးစာရင်းမှာလည်း ဗိုလ်မှူးကြီး ကိုကိုကျော်၏ အမည် ပါဝင်ခဲ့သည်။ သို့သော် ပြုတ်သွားသည့် ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် ဗိုလ်မှူးကြီး ကိုကိုကျော် ပတ်သက်မှု ရှိမရှိဆိုသည်မှာမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

မြန်မာသံအမတ်ကြီး ဦးလင်းမြိုင်သည် DSA အပတ်စဉ် (၁၁) မှ ဖြစ်ပြီး ရေတပ်မှာ ဗိုလ်မှူးအဆင့်နှင့် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ယခင် ရေတပ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးသိန်း၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်းတို့နှင့် တပတ်စဉ်တည်းဖြစ်ပြီး ပုဂ္ဂိုလ်ရေး ရင်းနှီးသူဖြစ်သည်။ မြန်မာစစ်အစိုးရ ရေတပ်မှာ အရာရှိ အဖြစ် (၂၆) နှစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၁၉၉၃ ခုနှစ်ကစပြီး နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အမှုထမ်း ဆောင်ခဲ့ကြောင်း Washington Diplomat သတင်းစာမှာ ဖော်ပြထားသည်။

No comments: