Friday, January 16, 2009

မြန်မာအလုပ်သမားများ နေအိမ်ဖျက်ပြီး တောထဲတွင်ပုန်းအောင်းနေရ

ဘုန်းခိုင်

ထိုင်းအာဏာပိုင်များက မြန်မာရွှေ့ပြောင်းအလုပ်သမားများကို နေအိမ်များမှ အတင်းအကြပ်မောင်းထုတ်မှုများ ပြုလုပ်နေသဖြင့် တောထဲတွင် ပုန်းအောင်းနေရပြီး စိုးရိမ်နေရသည့်အခြေအနေသို့ ရောက်နေသည်။

ဖုတ်ဖရမြို့နယ်၊ အုန်းတောကျေးရွာတွင် ယနေ့နံနက် (၈) နာရီခန့်က မြန်မာအလုပ်သမားများ နေထိုင်သည့် နေအိမ် (၈၀) ကျော်ကို ထိုင်းနယ်ခြားစောင့်တပ်များ၊ ရဲ၊ မြို့နယ်အုပ်ချုပ်ရေးအာဏာပိုင်များနှင့် ကျေးရွာသူကြီးများက လာရောက်ပြီး မောင်းထုတ်ခဲ့သဖြင့် ပါမိုက်တောထဲတွင် ပုန်းအောင်နေရကြောင်း ၎င်းဒေသရှိ မြန်မာပြည်သားတဦးက ပြောသည်။

ယမန်နေ့၊ နေ့လည် (၁) နာရီလောက်က အဆိုပါ ရွှေ့ပြောင်းမြန်မာအလုပ်သမားများ နေထိုင်ရာသို့ ဖုတ်ဖရမြို့နယ် အာဏာပိုင်များရောက်လာပြီး နေအိမ်များကို မပြောင်းရွှေ့ပါက မီးရှို့မည်ဟု ပြောဆိုခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ပြောင်းရွှေ့ခဲ့ရခြင်းဖြစ်သည်။

“အာဏာပိုင်တွေက အဲဒီကိုလာပြီး နင်တို့ပစ္စည်းတွေကို အကုန်လုံးသယ်၊ အိမ်တွေကိုဖျက်ပြီးတော့ ဘတ်(အလုပ်သမားလက်မှတ်) ရှိတဲ့သူရော မရှိတဲ့သူရော အကုန်လုံး တောထဲကိုဝင်၊ အဲဒီလို ဗမာပြည်သားတွေအများကြီး စုပြီးတော့ နေလို့မရဘူးဆိုပြီး မောင်းထုတ်တာ” ဟု အလုပ်သမားတဦးက ပြောသည်။

အာဏာပိုင်များ၏ အတင်းအကြပ် ပြောင်းရွှေ့ခိုင်းခြင်းကြောင့် နေအိမ်အမိုးအကာများကို ဖျက်ဆီးပစ်ခဲ့ရပြီး လူ့အသုံးအဆောင်ပစ္စည်းအချို့ကိုသာ ယူဆောင်သွားခဲ့ကြရာ မည်သူမှ ပြန်လာရဲခြင်းမရှိကြောင်း ၎င်းက ဆက်ပြောသည်။

“အဲဒီဝန်းထဲမှာ စာကြည့်တိုက်၊ ဆေးပေးခန်းတွေ နောက်တော့ စာသင်ကျောင်းကလဲ ရှိတယ်၊ ကျေးရွာတရွာ ပုံစံမျိုးဖြစ်နေတယ်၊ အာဏာပိုင်တွေဘက်က မြန်မာရွာတရွာဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် အခုလိုဖျက်တာလို့ ထင်တယ်၊ လောလောဆယ် ဆေးပေးခန်းတခုပဲ ကျန်ခဲ့တယ်” ဟု ပြောသည်။

ယင်းကဲ့သို့ ပုန်းရှောင်နေကြရာတွင် ကျောင်းတက်နေသည့် မြန်မာကလေးငယ် (၄၀) ကျော်သည် မိဘများနှင့်အတူ တောထဲတွင် ရှောင်ပုန်းနေရပြီး သောက်သုံးရေအခက်အခဲနှင့် ရာသီဥတုအလွန်အေးသဖြင့် ၎င်းတို့အတွက် အထူးစိုးရိမ်နေရကြောင်း အဆိုပါဒေသတွင် နေထိုင်သည့် မြန်မာအလုပ်သမားတဦးက ပြောသည်။

ထိုင်းအာဏာပိုင်များအနေဖြင့် နယ်မြေချင်းနီးစပ်နေသည့် ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့နယ်ပိုင်ဒေသများတွင် လုံခြုံရေးအကြောင်းပြချက်ဖြင့် ယခုကဲ့သို့ လူနေအိမ်များကို ပြောင်းရွှေ့ခိုင်းခြင်းများ မကြာခဏ ပြုလုပ်လျှက်ရှိသည်။


No comments: