Friday, January 16, 2009

၂၀၀၉ နှစ်သစ်မှာ သူတို့ဘာလုပ် ကြမလဲ

ဧရာဝတီ

၂၀၀၉ ခုနှစ်သို့ ရောက်လာ ပြီ။ တချို့က ၂၀၀၉ ကို မည်သို့ သောနှစ် ဖြစ်လာ လိမ့်မည်ဟု ခန့်မှန်း ထားကြသည်။ တချို့က ၂၀၀၉ တွင် လုပ်ရိုး လုပ်စဉ် များကိုသာ လုပ်ကိုင် သွားကြမည် ဖြစ်သည်။ ဧရာဝတီက နယ်ပယ် ပေါင်းစုံမှ ထင်ရှားသူ တချို့ကို ချဉ်းကပ်၍ ၂၀၀၉ ခုနှစ် အစီအစဉ် များကို မေးမြန်းခဲ့ရာ နှစ်သစ်ကို အင်အား အပြည့်ဖြင့် ဖြတ်သန်းရန် အဆင်သင့် ပြင်ထား ကြသည်ကို တွေ့ရသည်။

လွင်မိုး၊ ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ
"ကျနော်ကတော့ တီဗွီပရိုဂရမ် ဖြစ်တဲ့ လွင်မိုး ခရီးသွားနေသည် ဆိုတဲ့ "ခရီးသွား မှတ်တမ်း" တွေကို ပိုပြီး လုပ်နေပါတယ်။ ၂၀၀၉ ခုနှစ် မှာလည်း ခရီးသွား မှတ်တမ်း အစီအစဉ် တွေကို အဓိကထား ရိုက်ကူး သွားမှာ ဖြစ်ပါတယ်။ ကျနော် ခရီးသွားတဲ့ လမ်းကြောင်း တလျောက်မှာ ပရိသတ်ကို တင်ဆက် ပြချင်စရာ ကောင်းတဲ့ နေရာတွေကို အဓိကထား ရွေးချယ်မယ်။ မြန်မာ နိုင်ငံမှာ ဟိုလွန်ခဲ့တဲ့ နှစ်ပေါင်း များစွာ ကတည်းက ပေါ်ပေါက်ခဲ့တဲ့ မျိုးဟောင်းတွေ အဲဒီခေတ်က ယဉ်ကျေးမှု ဓလေ့ ထုံးစံတွေ တိုင်းရင်းသား တွေရဲ့ နေထိုင်မှု ဘဝတွေကို အဓိကထား ရိုက်မယ်။ အခုတော့ ချင်းပြည်နယ်ကို ရိုက်ကူး ပြသပြီးသွားပါပြီ။ တနင်္သာရီတိုင်း ရိုက်ပြီး သွားပါပြီ၊ မပြသရသေးပါဘူး။ လာမယ့် နှစ်မှာတော့ ရှမ်းပြည် တောင်ပိုင်းဘက် ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်၊ ကျနော် ကိုယ်တိုင် မမြင်ဘူး မသိဘူးတဲ့ တိုင်းရင်းသားတွေ အများအပြားနဲ့ ကျနော် တွေ့လိုက် ရတယ်။ သူတို့ရဲ့ လူနေမှု စရိုက်တွေကို အများကြီး သိလိုက်ရတယ်"


ဖြူဖြူသင်း၊ HIV/AIDS ဝေဒနာရှင်များကို ကူညီစောင့်ရှောက်သူ
"အခုလက်ရှိ လုပ်နေတဲ့ HIV/AIDS အရေးနဲ့ ပတ်သက်ပြီး တနိုင်ငံလုံး အတိုင်း အတာ အထိ လုပ်ချင်တယ်။ မြန်မာ ပြည်မှာ HIV/AIDS ရောဂါ ဝေဒနာ ခံစားနေရ သူတွေ အားလုံးကို မြန်မြန်ဆန်ဆန် ဆေးဝါး ရရှိဖို့နဲ့ ဒီအခု လုပ်နေတာထက် ပိုပြီးတော့ လုပ်ဆောင်သွားမယ်"




ကြည်စိုးထွန်း၊ ရုပ်ရှင်ဒါရိုက်တာ

"ဦးတည်ချက်က တခုပဲ ရှိတော့တယ်။ လူဟာ တဦးကောင်း တယောက်ကောင်း မဟုတ်ဘူး။ လူဆိုတာ လူ့ပတ်ဝန်းကျင်နဲ့ နေတဲ့အခါမှာ လူ့ပတ်ဝန်းကျင်ကို အကျိုးပြုတာကိုပဲ လုပ်တော့မယ်။ လူဟာ လူတယောက်တည်း ထီးတည်း နေလို့ မရဘူး၊။ လူ့ပတ်ဝန်းကျင်ကို အကျိုးပြုရမယ်။ အဲဒီလို သဘောပါမယ့် ဇာတ်ကား မျိုးကိုပဲ ကျနော် ရိုက်ဖို့ ကြိုးစားတော့မယ်"





ဦးဝင်းတင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်

“အခြေအနေ တွေဟာ ကျနော့် အမြင်အရ ဘာမှ ပြောင်းလဲဖို့ မရှိလှဘူး၊ အစိုးရ ကလည်း အပြောင်း အလဲတွေ လုပ်ပေးမယ်လို့ သိပ်မထင်ဘူး၊ အဲဒါကြောင့် ကျနော့်ရဲ့ လာမယ့် နှစ်သစ် အတွက် ဆုံးဖြတ်ချက် ကတော့ ကျနော်ဟာ ဖြစ်တဲ့ နည်းနဲ့ ဒီမိုကရေစီရေး အတွက်၊ တိုင်းပြည် တခုလုံး လွတ်လွတ် လပ်လပ် ရှိရေးအတွက် ငါဟာ အများကြီး အလုပ် လုပ်ရမှာပါလား၊ လူတွေနဲ့ အများကြီး လက်တွဲ သွားရဦးမှာပါလား၊ ဒီမိုကရေစီ အင်အားစု တွေဘက်က ရပ်တည် သွားရမှာပါလား ဆိုပြီးတော့ ဒီမိုကရေစီရေး အတွက် ပိုပြီး အလုပ် လုပ်ရမယ် လို့ ဆုံးဖြတ်ချက် ချထားပါတယ်”


ချောအိသိမ်း၊ ပန်းချီဆရာမ"၂၀၀၉ မှာ Asia Culture Council ကနေ အာရှနဲ့ အမေရိကားမှာ ရှိတဲ့ အနုပညာရှင်တွေ အနုပညာ တွေကို ဖလှယ်တဲ့ အစီအစဉ် တခုကို ကျမ တက်ခွင့် ရထားတယ်။ နယူးယောက်မှာ ၆ လစာ နေထိုင်ခွင့်ရမယ်။ အဲဒီမှာ ရှိတဲ့ ပြတိုက် တွေကို လေ့လာခွင့် ရမယ်။ အဲဒီ နေရာသစ်မှာ စိတ်သစ်၊ လူသစ်၊ ခွန်အားသစ်နဲ့ ကျမ အနုပညာ တွေကို ဖန်တီးခွင့် ရမယ်။ နောက်ပြီး ကလေးစာအုပ် နောက်တအုပ် ရေးမယ်။ ၂၀၀၇-၂၀၀၈ မှာ ဆွဲခဲ့တာ တွေထက် ပိုကောင်းတဲ့ ပန်းချီကားတွေ ဆွဲဖို့ စဉ်းစား ဆုံးဖြတ်ထားပါတယ်"

ကိုမိုးဆွေ၊ အထွေထွေအတွင်းရေးမှူး၊ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့
"အလုပ်သမား ထုကို ကိုယ်စားပြုတဲ့ လူတယောက် ဖြစ်အောင် ဆက်ပြီး ကြိုးစားမယ်။ အလုပ်သမား လောကမှာပဲ ဖြစ်ဖြစ်၊ နိုင်ငံရေး နယ်မှာပဲ ဖြစ်ဖြစ်၊ အန်ဂျီအို အဖွဲ့တွေမှာပဲ ဖြစ်ဖြစ် မတရား အမြတ်ထုတ် ခေါင်းပုံ ဖြတ်နေတာ တွေကို ဆက်ပြီး ဖော်ထုတ် သွားမယ်"



ခင်မောင်ညို (ဘောဂဗေဒ)၊ စာရေးဆရာ၊ ဘောဂဗေဒပညာရှင်

"စီးပွားရေး အကြပ်အတည်းနဲ့ ပတ်သက်လို့ အရင်ကထက်ပိုပြီး လေ့လာမယ်။ မြန်မာ့ စီးပွားရေး လုပ်ငန်း တိုးတက် ဖွံ့ဖြိုးဖို့ အတွက် ကျနော့် ဗဟုသုတတွေကို မျှဝေမယ်"


မိုးဟေကို၊ သရုပ်ဆောင်၊ မိုဒယ်ဂဲလ်

"မိုးဟေ လုပ်ရမယ့် ဟာကတော့ ရိုးရိုးလေး ပါပဲ။ ၂၀၀၉ မှာလည်း ကိုယ့် ပုံမှန် အတိုင်းပဲ အချိန်တွေကို ရိုးရိုး အေးအေးလေးပဲ ဖြတ်သန်း နေမယ်၊ အနုပညာ အလုပ်တွေ လုပ်နေမယ်"





ကိုဘိုကြည်၊ တွဲဖက်အတွင်းရေးမှူး၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း
"အခုထက် ပိုပြီး ရင့်ကျက် တည်ငြိမ် လာအောင် နေထိုင်မယ်။ ဆောင်းပါးတွေ အခါအား လျော်စွာ ရေးမယ်။ နိုင်ငံရေးနဲ့ နိုင်ငံရေး အကျဉ်းသားတွေ အကြောင်း ဖြစ်လိမ့်မယ်"

ဇော်ဝင်းထွဋ်၊ အဆိုတော်

"၂၀၀၉ မှာ တပြည်လုံး ပတ်ပြီး သီချင်း ဆိုမယ်။ ၇ ပတ် အတွင်းမှာ မူဆယ်၊ လားရှိုး၊ မုံရွာ၊ ရွှေဘို၊ ရေဦး၊ မန္တလေး ၆ မြို့ လောက် ဆိုပြီးပြီ။ ရေဦး ဆိုရင် ခရီးက တော်တော် လေးလည်း သွားရတယ်။ အဲဒီက လူတွေ ကလည်း စတိတ်ရှိုး တခါမှ မကြည့်ဖူးဘူး။ တအား ပျော်ကြတာပေါ့။ သူတို့ ပျော်တာ ကြည့်တာနဲ့ကို သွားရတာ တန်ပါတယ်။ အနည်းဆုံး ၂၅ မြို့ ကို ပတ်ဆိုဖို့ ရှိတယ်။ ရည်ရွယ်ချက် ကတော့ တပြည်လုံးမှာ ရှိတဲ့ လူတွေကို စိတ်ချမ်း သာအောင်၊ ပျော်အောင်ပေါ့။ အဲဒီမှာမှ လူတွေကို ဘာအကူ အညီ ပေးရမလဲပေါ့။

အခု ဖေဖော်ဝါရီလမှာ ထွက်မယ့် "တစ္ဆေလမ်း" အခွေကို လိုက်ပြီး promotion လုပ်တာလည်း ပါတာပေါ့နော်။ စီးပွားရေး တော်တော် ကြပ်တည်း ကြတော့ လူတွေလည်း သက်သောင့် သက်သာနဲ့ ကြည့်လို့ ရအောင်။ မြို့တွေ စည်ကားမယ်၊ ပွဲဈေးတန်းတွေ ရှိမယ်၊ လူတွေ အပြင်ထွက် ကြမယ်၊ ဈေးသည်တွေ ဈေးရောင်း ရမယ်ပေါ့။ ကျနော်တို့ အလုပ်ကတော့ သီချင်းဆိုမယ်၊ တီးမယ်။ အားလပ်ချိန်မှာတော့ မိသားစုနဲ့နေမယ်"

အေးချမ်းနိုင်၊ ဒါရိုက်တာ၊ ဒီမိုကရက်တစ် မြန်မာ့အသံ (DVB)
“တီဗီအစီအစဉ် တနေ့ ၁ နာရီ လုပ်နေရာကနေ ရှေ့နှစ်မှာ ၂ ဆ အချိန်တိုး လုပ်ဖို့ ရှိပါတယ်။ တီဗီပိုင်းမှာ အားလုံး တိုးချဲ့ဖို့ ရှိတယ်။ ဖျော်ဖြေရေး အစီအစဉ် တွေမှာဆိုရင် နိုင်ငံခြား ရုပ်ရှင် စီးရီးတွေ၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ၂၀၁၀ ရွေးကောက် ပွဲနဲ့ ပတ်သက်တဲ့ ငြင်းခုန် ဆွေးနွေးတာ တွေကို ရေဒီယိုရော၊ တီဗီပိုင်းမှာပါ လုပ်ဖို့ရှိတယ်။ အင်တာနက် စာမျက်နှာကိုလည်း အသစ်လုပ်ဖို့ ရှိတယ်။ တိုင်းရင်းသား အစီအစဉ် တွေလည်း ပြန်လုပ်မယ်"

မိုဃ်းသွေး၊ မျိုးဆက်သစ်လူငယ်များအစည်းအရုံး (Generation Wave)

"လာမယ့် ၂၀၀၉ ခုနှစ်ထဲမှာ ကျနော်တို့က မတရားမှုကို အံတု ဆန့်ကျင်ရဲတဲ့ စိတ်ဓာတ်တွေ နိုးကြား ပျံနှံ့လာဖို့၊ အပြောင်း အလဲကို ဖန်တီးရာမှာ လိုအပ်မယ့် အသိပညာ၊ သဘော တရားတွေ ကြိုတင် သိရှိထားဖို့ ဆိုတဲ့ အပိုင်းတွေကို ဇောက်ချ လုပ်သွားမယ်။ လူငယ်တွေမှာ တော်လှန်ရေး အသိစိတ်နဲ့ နည်းနာတွေ အဆင်သင့် ရှိနေစေဖို့ကို ကျနော်တို့ ဦးစားပေး ပြင်ဆင်မှာ ဖြစ်ပါတယ်"


ဒေါက်တာစင်သီယာမောင်၊ ထိုင်းမြန်မာနယ်စပ်မှ စေတနာရှင်ဆရာဝန်
"ကျန်းမာရေး၊ ပညာရေး ကိစ္စကိုပဲ ဆက်လုပ်မယ်၊ ကျန်းမာရေး ဆိုလည်း ငှက်ဖျား၊ HIV၊ တီဘီ။ ပညာရေး ဆိုလည်း ကလေး မှုလတန်း ကျောင်းတွေ၊ ကလေး ကာကွယ် စောင့်ရှောက်ရေး ကျောင်းတွေ ဆိုတာတွေ ရှိတယ်။ သူ့ကဏ္ဍ အလိုက် ဦးဆောင်တဲ့ အဖွဲ့တွေနဲ့ တိုင်ပင်ပြီးတော့ ဒေသ အခြေအနေ ပြောင်းလဲမှု တွေနဲ့ ရန်ပုံငွေ အခြေအနေ ပေါ်မှာ မူတည်ပြီးတော့ ဆက်သွားရမှာပေါ့"




သားစိုး၊ အဆိုတော်

"လာမယ့် ဇန်နဝါရီ ၁၁ ရက်နေ့မှာ ကျနော် engage လုပ်ပါမယ်။ သင်္ကြန် မှာလည်း နတ်ကနား ပါတီ လုပ်ဖို့ ရှိပါတယ်။ နောက် တခုကတော့ ကျနော် ထွက်တဲ့ အခွေတွေ အကောင်းဆုံးကို စုပြီးတော့ အင်္ဂလိပ်လို ပြန်ဆိုထားတဲ့ သီချင်းခွေကို အမေရိကားနဲ့ အင်္ဂလန်မှာ ဖြန့်ဖို့ ကြိုးစားနေပါတယ်"




No comments: