Monday, January 19, 2009

ဂွဏ်းခေါ် - အင်ဒီဖဲန်းဒဲန့်စာစောင်လက်ဝယ်ရှိသူ မူဆယ်ဒေသခံတဦးအဖမ်းခံရ

သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်သတင်းဌာနမှထုတ်သော အင်ဒီဖဲန်းဒဲန့်(ဂွဏ်းခေါ်)စာစောင် လက်ဝယ်ရှိသူ မူဆယ် ဒေသခံတဦး အား လိုင်စင်မဲ့ဆိုင်ကယ် စစ်ဆေးစဉ် ရှာဖွေတွေ့ရှိရာမှ နအဖ အာဏာပိုင်တို့ ဖမ်းဆီး အရေးယူခဲ့ကြောင်း တရုပ် နယ်စပ်သတင်း ရပ်ကွက်ကဆိုသည်။
ဂျန်န၀ါရီ ၆ ရက်က မူဆယ်ခရိုင် စယ်လန့်မြို့ ဟိုလောင်းရွာသား စိုင်းအောင်ခမ်း (၄၄ နှစ်) ၏ ၀စ်သောက်ဆိုင်ကယ် ခြင်းတောင်းအတွင်း သျှမ်းသံတော်ဆင့် သတင်းဌာနမှ ထုတ်ဝေသော အင်ဒီဖဲန်းဒဲန့်(ဂွဏ်းခေါ်)စာစောင်တွေ့ရှိ သောကြောင့် ၄င်းအား သျှမ်းသူပုန် နှင့် အဆက်အသွယ်ပြုသူဟုဆိုကာ နအဖအာဏာပိုင်များ ဖမ်းဆီးအရေးယူ ထားကြောင်း မူဆယ်မြို့ခံ များကဆိုသည်။

အသက် ၃၀ ကျော် နမ့်ခမ်း ကုန်သည်တဦးကလည်း “ အာဏာပိုင်တွေ စိုင်းအောင်ခမ်းရဲ့ လက်ကိုင်ဖုန်းထဲက ဖုန်းနံပါတ် ၆၀ ကျော် စစ်ဆေးပြီး တပတ်လောက်ကြာတော့ သူတို့ သင်္ကာမကင်းတဲ့ ၃-၄ ယောက်ကို ထပ်ဖမ်း တယ်။ စိုင်းအောင်ခမ်းလဲ လားရှိုး စစ်တိုင်းရုံးကိုပို့လိုက်ပြီလို့ပြောတယ်” ဟု ဆို၏။

အသက် ၂၀ ကျော် ဘွဲ့ရလူငယ်တဦးကလဲ “ဂွဏ်းခေါ်စာစောင်က ကျနော်တို့အမြဲ ဖတ်ချင်တဲ့ စာစောင်၊ ပြည်တွင်းမှာ ဖော်ပြ ခွင့် ဖတ်ခွင့်မရတဲ့သတင်းတွေ ဆောင်းပါးတွေ နအဖ လူ့အခွင့်အရေး ချိုးဖေါက်တဲ့သတင်းတွေ သျှမ်း-ဗမာ နှစ်ဘာသာ ထုတ် ဝေတော့ လူတွေကဖတ်ချင်ကြတယ်။ ဗမာအာဏာပိုင်တွေအတွက်တော့ မတရားသင်းအုပ်စုတွေ ရဲ့ အဖျက်အမှောင့် ၀ါဒဖြန့် စာစောင်ပေါ့၊ ဖတ်တဲ့သူကို သျှမ်းသူပုန်နဲ့ အဆက်အသွယ်ပြုတယ်လို့စွပ်စွဲတယ်၊ စိုင်းအောင်ခမ်းကိုလဲ အဲလိုဘဲ စွဲချက်တင်မှာ ဘဲ” ဟုဆို၏။

လွန်ခဲ့သော ၁၀ နှစ်ခန့်ကလည်း မူဆယ်ဒေသခံ လူငယ်တဦး အင်ဒီဖဲန်းဒဲန့်စာစောင်ဖတ်ရှုမှုကြောင့် ထောင်ဒဏ် ၂ နှစ် ဖမ်းဆီး အပြစ်ပေးခံရသည့်အပြင်၊ တာချီလိတ်မြို့ခံတဦးအားလဲ ထိုစာအုပ်နှင့်အတူ ပြစ်မှု ထင်ရှားသည်ဟုစွပ်စွဲ ကာ ထောင်ဒဏ် ၁၀ နှစ် နအဖ အာဏာပိုင်တို့ စီရင်ချက်ချ ခဲ့ဖူးသည်။

No comments: