Saturday, January 17, 2009

၂၀၁၀ ရွေးကောက်ပွဲအတွက် ပြည်သူများကို နည်းမျိုးစုံဖြင့် စည်းရုံးနေ

ဟွန်းဟကောင်း

မြန်မာပြည်အတွင်းရှိ NGO အမည်ခံ စစ်အစိုးရလက်အောက်ခံ အဖွဲ့အစည်းများသည် သက်ဆိုင်ရာ အဖွဲ့အစည်းအလိုက် အဖွဲ့ဝင်အသစ်များကို နည်းမျိုးစုံဖြင့် လိုက်လံစုဆောင်း နေကြသည်။

စစ်အစိုးရသည် လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ၂၀၀၈ ခုနှစ်တွင် ကျင်းပခဲ့သော လူထု ဆန္ဒခံယူပွဲကဲ့သို့ မဲအရေအတွက် အပြတ်အသတ်နှင့် အနိုင်ရနိုင်ရန်အတွက် စစ်အစိုးနှင့် ဆက်နွယ်နေသော အဖွဲ့အစည်းအသီးသီးအား တစ်လလျှင် အဖွဲ့ဝင်အင်အားအယောက် ၂၀၀ ပုံမှန် စုဆောင်းနိုငရန် ညွှန်ကြားထားသည်ဟု စမ်းချောင်းမြို့နယ်ရှိ အမျိုးသမီးရေးရာ အဖွဲ့ဝင် တစ်ဦးက ပြောသည်။

"ဒီအဖွဲ့ထဲ့ကိုဝင်တာ ဘာအကျိုးခံစားခွင့်မှတော့ မရှိပါဘူး၊ ဒါပေမယ့် အဖွဲ့ဝင်ထားတဲ့ လူ တွေက အလုပ်လျှောက်ဖို့ အင်တာဗျူးလုပ်တဲ့အခါ ဒီအဖွဲ့ဝင်ရဲ့ ထောက်ခံစာပါလို့ရှိရင် အလုပ်ရဖို့ လွယ်လွယ်လေးပဲလို့ ပြောထားတော့ လူတွေကလည်း စိတ်ဝင်စားပြီး ၀င်လာ ကြတာပဲ" ဟု ၎င်းက ဆက်ပြောသည်။

စစ်အစိုးရသည် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တိုင်းတွင် တစ်မြို့နယ်လျှင် စနစ်တက သတ်မှတ်ထားသော အဖွဲ့ဝင်အရေအတွက် ရှိပြီးသားဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ မြန်မာတစ်နိုင်ငံလုံးရှိ လူဦးရေ ၅၄ သန်းမှ အနည်းဆုံး သန်း ၃၀ ကျော် ၎င်းတို့. ထိန်းချုပ်မှု အောက်တွင် ရောက်ရှိနိုင်ရန် ကြိုးပမ်းလှုံ့ဆော်နေခြင်းဖြစ်သည်ဟု ယင်းအမျိုးသမီးက ဆက်ပြောသည်။

တောင်ဥက္ကလာပမြို့နယ်ရှိ နန္ဒ၀န်ဈေးရှေ့တွင် လွန်ခဲ့သော ဒီဇင်ဘာလဆန်းပိုင်း၌ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းမှ ဖြိုးစေတနာ အခမဲ့ဆေးခန်းတစ်ခန်းနှင့် တက္က သိုလ် ၀င်တန်း ပညာဒါန (အခမဲ့) ဟူသော ဆိုင်းဘုတ်ဖြင့် သင်တန်းဆောင် တစ်ခုကို ဖွင့် လှစ်ထားခဲ့ပြီး ထိုသင်တန်းတွင် တက္ကသိုလ်ဝင်တန်း ကျောင်းသားများအတွက် အခမဲ့ကျူရှင် များသင်ကြားပေးနေပြီး နောက်လာမည့်လများတွင် အခြားကွန်ပြူတာသင်တန်း၊ အင်္ဂလိပ်စ ကားပြောသင်တန်းလည်း ထပ်ဖွင့်ရန်ရှိသည်ဟု တောင်ဥက္ကလာပမြို့နယ်မှ မြို့ခံတစ်ဦးက ပြောသည်။

"အဲဒီသင်တန်းကို ကျွန်တော်တို့ရပ်ကွက်က (၁၀) တန်းကျောင်းသားတစ်ယောက်က သွား တက်တယ်၊ တက်ပြီးလို့ တစ်ပတ်လောက်ပဲကြာမယ်ထင်တယ် သူတို့က သူတို့အဖွဲ့ထဲကို ၀င် ဖို့ပြောလာတော့ အဲဒီကောင်လေးက သင်တန်းကို ဆက်မတက်တော့ဘဲ ထွက်လိုက်တယ်၊ အဲဒီမှာ ဖွင့်ထားတဲ့ဆေးခန်းကလည်း အခမဲ့တော့ကုပေးတယ်၊ ဒါပေမယ့် အဲဒီမှာ အခမဲ့လာကု တဲ့လူတွေက သူတို့ရဲ့ကြံ့ခိုင်ရေးကနေပြီးတော့ ထုတ်ပေးထားတဲ့ကဒ်ရှိမှရမယ်၊ အဲဒီကဒ်ရ ထားတဲ့လူတွေကလည်း သူတို့အလိုရှိတဲ့အချိန်မှာခေါ်တိုင်း မဖြစ်မနေသွားပေးရမယ်" ဟု ၎င်း မြို့ခံက ဆက်ပြောသည်။

အလားတူ လွန်ခဲ့သော ဇန်န၀ါရီလ ၂ ရက်နေ့တွင် မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ရွှေဟင်္သာခန်းမတွင် မုဒုံမြို့ နယ်ရှိ မယကသည် ကျေးရွာဥက္ကဌတို့အား အစည်းအဝေးခေါ်ယူခဲ့ပြီး ထိုအစည်းအဝေးတွင် အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့် ခလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ စုဆောင်းပေးရန် ပြောကြားခဲ့သည်။ ယောင်းဒေါင်းကျေးရွာ ရယကမှ အဖွဲ့ဝင်ဦး ရေ အယောက် ၆၀၀ ခန့် ကမာဝက်ကျေးရွာ၊ နှီးပဒေါကျေးရွာနှင့် ကွမ်လှာကျေးရွာမှ အ ယောက် ၁၀၀၀ ကျော်စီ နာမည်စာရင်းနှင့်တကွ နီးစပ်ရာ တပ်ရင်းသို့ သွားရောက်ပို့ပေးရမည် ဟု မုဒုံမြို့နယ်မယကမှ ညွှန်ကြားထားသည်။

"၀န်ထမ်းတိုင်းကတော့ အဲဒီအဖွဲ့ထဲကို မ၀င်မနေရ ၀င်ရတာပဲလေ၊ ဒါပေမယ့် ဘာမှမသိရှာတဲ့ ရွာသားတွေကလည်း လိုက်ပြီးတော့ သူတို့အဖွဲ့ထဲကို လိုက်ဝင်နေရတာပဲ" ဟု ဒေါက်တာ မင်း ကြည်ဝင်းက ပြောသည်။

ရွာတစ်ရွာလျှင် မိခင်နှင့်ခလေးစောင့်ရှောက်ရေးအသင်းအတွက် ယူနီဖောင်းဝတ်စုံ ၁၀ စုံနှင့် ကြက်ခြေနီအသင်းအတွက် ၁၀ စုံ ၀ယ်ပေးရမည်ဖြစ်ပြီး တစ်စုံလျှင် ၅၀၀၀ ကျပ် ပေးဆောင်ရ သည်။ ထို့ကြောင့် တစ်ရွာလျှင် ၁ သိန်းကျပ်ဆီ ပေးဆောင်ရမည်ဟု မုဒုံမြို့နယ် မယကမှ ညွှန် ကြားထားသည်။

ထိုဝတ်စုံကို ရရှိထားသူသည် ၎င်းတို့လိုအပ်သည့်အချိန်တိုင်း ခေါ်ဆိုသည့်အခါ မပျက်မကွက် အရောက်လာရမည်ဟု အမိန့်ထုတ်ထားသည်။

No comments: