Wednesday, January 28, 2009

မြန်မာလူရည်ချွန်သုံးဦး ရာပြည့်

မောင်စွမ်းရည်


“ပူဇော်ထိုက်သူ ပူဇော်မူ မှတ်ယူမင်္ဂလာ” ဆိုတာ ဗုဒ္ဓဘာသာမြန်မာလူမျိုးတမျိုးတည်းရဲ့ ယဉ်ကျေးမှုဓလေ့မဟုတ်ပါ။ ကမ္ဘာ့လူသားတရပ်လုံးရဲ့ ယဉ်ကျေးမှုဖြစ်ပါတယ်။ ပူဇော်ထိုက်သူ မပူဇော်ဘူးဆိုရင်တော့ လူရိုင်းတွေ၊ မယဉ်ကျေးသူတွေ၊ အောက်တန်းကျသူတွေလို့ ဆိုရပါမယ်။ ကျနော်တို့ မြန်မာတွေဟာ ပူဇော်ထိုက်သူပူဇော်ရေးမှာ တာဝန်ကျေကြပါရဲ့ လားဆိုတာ ကိုယ်ဘာသာအလွယ်နဲ့စဉ်းစားနိုင်ကြပါတယ်။

ဒီနှစ်မှာ မြန်မာလူရည်ချွန်သုံးဦးတို့ရဲ့ သက်တမ်းနှစ်တရာပြည့်တဲ့အခါနဲ့ကြုံကြိုက်ပါတယ်။ ပညာရှိစာဆိုဆရာကြီး မင်းသုဝဏ်၊ သတင်းစာဆရာဝတ္ထုရေးဆရာကြီး မောင်ထင်၊ ငြိမ်းချမ်းရေးဗိသုကာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်တို့ဟာ ၁၉၀၉ ခုနှစ်မှာ မွေးဖွားကြသူတွေဖြစ်လို့ ဒီနှစ်မှာ ဆရာကြီးတို့ရဲ့သက်တမ်းဟာ (၁၀၀) ပြည့်ပြီဖြစ်ပါတယ်။

ဒါကို ပြည်တွင်းပြည်ပ လူငယ်တွေ သတိပြုမိကြပြီး ရာပြည့်ပွဲတွေလုပ်ကြမယ်၊ ရာပြည့်စာအုပ်တွေ ထုတ်ကြမယ်လို့ ပြင်ဆင်နေကြပါတယ်။ ဒီအချက်ကိုကြည့်ရင် လူငယ်တွေရဲ့ လက်ရှိစိတ်ထားကို ချီးကျူးဝမ်းမြောက်ကြရမှာဖြစ်သလို အနာဂတ် အတွက်လည်း ၀မ်းသာရပါတယ်။

ဆရာကြီး ဦးဖေမောင်တင် မှတ်ချက်ပြုမိန့်ဆိုထားခဲ့တဲ့ စကားတခွန်းဟာ အလွန်တန်ဖိုးရှိပါ တယ်။ “ကျွန်ုပ်တို့ရဲ့မြန်မာစာပေသမိုင်းဟာ ကျေးဇူးတရားနှင့် အစပြုခဲ့တယ်” တဲ့။ ပုဂံခေတ်မှာ မြန်မာစာပေကို အပီအသ စတင်ရေးသားနိုင်ခဲ့ပြီဖြစ်ပါတယ်။

အဲဒီကာလမှာ ရေးသားခဲ့တဲ့ မြစေတီကျောက်စာ ခေါ် ရာဇကုမာရ်ကျောက်စာဟာ ဖခင်ကို ကျေးဇူးဆပ်တဲ့ စာဖြစ်ကြောင်း အများသိရှိကြပြီးဖြစ်ပါတယ်။ ရာဇကုမာရ်ဟာ သားအရင်းဖြစ်လို့ ထီးမွေနန်းမွေကို ရထိုက်သူဖြစ်ပေမယ့် သားရှိတာကို မသိသေးတဲ့ ဖခင် ကျန်စစ်သားမင်းကြီးက မြေးဖြစ်သူ အလောင်းစည်သူကို ထီးနန်းအမွေပေးလိုက်ခဲ့တယ်။

ဒီကတိကို မဖျက်လိုတဲ့အတွက် သားအရင်းကို လယ်မြေဆု၊ ရွာစားမြို့စားဆုလောက်သာ ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သားက ဖခင်ကျေးဇူးကို သိတတ်၊ ဆပ်ပေးတဲ့အပြင် ဖခင်ခိုင်းစေသမျှကိုလည်း စိတ်တိုင်းကျအောင် လုပ်ပါတယ်။ စာကြည့်တိုက်တွေ (ပိဋကတ်တိုက်တွေ) တည်ဆောက်ပြီး၊ ပိဋကတ်သုံးပုံကို သံဃာတော်များနဲ့ သေချာစစ်ဆေးရေးသားပြီး လှူဒါန်းခဲ့ပါတယ်။ ဒါကြောင့် မြန်မာ့စာပေသမိုင်းဟာ ကျေးဇူးတရားနဲ့ စခဲ့တယ်လို့ ဆရာကြီးက မှတ်ချက်ချပါတယ်။

ခုခေတ်လူငယ်တွေကိုလည်း ကျေးဇူးတရားသိတတ်မှု၊ ပူဇော်ထိုက်သူပူဇော်မှုအတွက် သူတို့ကိုလည်း ချီးကျူးဂုဏ်ပြုရမှာဖြစ်ပါတယ်။ ဆရာကြီးတွေရဲ့ ဂုဏ်ရည်တွေကို ပူဇော်ရင်း အားကျမှုတွေ ဖြစ်ထွန်းလာပါမယ်။

ကဗျာဆရာကြီးမင်းသုဝဏ်ဟာ ခေတ်သစ်မြန်မာစာပေသမိုင်းမှာ အဓိကစာဆိုတဦးဖြစ်ပါ
တယ်။ ကျေးဇူးဆပ်လို့ မကုန်နိုင်တဲ့ကလေးကဗျာ၊ ကလေးစာပေရဲ့ ဖခင်တဦးလည်း ဖြစ်ပါတယ်။ ကျောင်းသုံးဖတ်စာ၊ သက်ကြီးဖတ်စာ၊ “အသုံးလုံး” ဖတ်စာပြုစုရေးနဲ့ စွယ်စုံကျမ်း ပြုစုရေးတို့မှာလည်း ခေါင်းဆောင်ခဲ့ပါတယ်။ အဘိဓာန်ပြုစုရေးကိုလည်း တသက်လုံးဘ၀ကို မြှုပ်နှံပြီးလုပ်ခဲ့တာပါ။

ဒီခေတ်ဟာ ပြည်သူတွေ အဖိနှိပ်ခံနေရတဲ့ ခေတ်ဖြစ်ပါတယ်။ ပြည်သူတွေဘက်က တသက်လုံး ရပ်တည်သွားတဲ့အတွက် ပြည်သူချစ်အမျိုးသားစာဆိုကြီး အဖြစ် ပြည်သူတွေ လေးစားခဲ့ကြတာဖြစ်ပါတယ်။

စာရေးဆရာသတင်းစာဆရာကြီးမောင်ထင်ဟာ ဆရာမင်းသုဝဏ်နဲ့ အတူတက္ကသိုလ်က ဘွဲ့ရပြီး ဂန္ထလောကမှာလည်း အင်္ဂလိပ်-မြန်မာနှစ်ဘာသာနဲ့ စာရေးခဲ့သူဖြစ်ပါတယ်။ တက္ကသိုလ်ပြင်ပရောက်ပြီး မြို့အုပ်ဖြစ်မှ “မြို့အုပ်မင်းဘုံရုံကဗျာများ” ကို လူထုဦးလှရဲ့ ကြီးပွားရေးမဂ္ဂဇင်းမှာ ရေးခဲ့ပါတယ်။ ခေတ်စမ်းခေတ်စာဆိုတွေထဲက ၀တ္ထုရှည်ရေးသူအဖြစ် “ငဘ၀တ္ထု” နဲ့ မှတ်တိုင်ထူခဲ့ပါတယ်။

သတင်းစာဆရာများဥက္ကဋ္ဌ၊ စာရေးဆရာများ အသင်းဥက္ကဋ္ဌ၊ အသံလွှင့်ဌာနညွှန်ကြားရေးဝန် စသဖြင့် တာဝန်များလည်း ထမ်းဆောင်ခဲ့ပါတယ်။ နိုင်ငံရေးစာပေအဖြစ် ယောမင်ကြီးအတ္ထုပ္ပတ္တိနှင့် ရာဇဓမ္မသင်္ဂဟကျမ်းတို့ကို ပြုစုတည်းဖြတ်ခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းကို “နိုင်ငံရေးသုခမိန်” အဖြစ် လေ့လာရေးသားခဲ့ခြင်းတို့ဟာ ထူးခြားတဲ့ စွမ်းဆောင်မှုတွေဖြစ်ပါတယ်။

ဦးသန့်ကတော့ ပန်းတနော်ဦးသန့်ရယ်လို့ စာနယ်ဇင်းလောကမှာထင်ရှားခဲ့ပါတယ်။ ဂန္ထလောကခေတ်ကတည်းက စာပေရေးသားခဲ့သူလည်းဖြစ်ပါတယ်။ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံသားတဦးအဖြစ်သာမက အာရှတိုက်သားတဦးအနေနဲ့ အဦးဆုံးပေါက်ရောက်သွား ခဲ့ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကိစ္စတွေကို ဣနြေ္ဒရရဖြေရှင်းဦးဆောင်ခဲ့သူတဦးအဖြစ် ကုလသမဂ္ဂရဲ့ အထင်ရှားဆုံးခေါင်းဆောင်၊ ငြိမ်းချမ်းရေး ဗိသုကာကြီးရယ်လို့ အများက သိမြင်လေးစားတာကို ခံယူခဲ့ရသူဖြစ်ပါတယ်။

“စာပေဂျာနယ်” မှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းအစ လေးစားထိုက်တဲ့ စာပေခေါင်းဆောင်ကြီးတွေရဲ့ ဘ၀နဲ့စာပေဆိုင်ရာ အထူးထုတ်တွေကို အယ်ဒီတာမောင်သွေးသစ်က လုပ်ဆောင်ခဲ့ဖူးသလို၊ ခုအခါ မောင်စိမ်းနီ၊ မောင်တင်သစ် စတဲ့အယ်ဒီတာတွေက “ပိတောက်ပွင့်သစ်” ၊ “မြန်မာသစ်” မဂ္ဂဇင်းတို့မှာ ပြုစုဖော်ထုတ်နေကြတာတွေဟာလည်း အလွန်ကောင်းပါတယ်။

ဂျပန်က မိုးသောက်ကြယ်၊ အာဟာရ၊ အလင်းအိမ်၊ မေခ စတဲ့စာစောင်တွေ၊ အမေရိကန်ပြည်ထောင်စုက မာယာမဂ္ဂဇင်း၊ သစ္စာမဂ္ဂဇင်းနဲ့ မိုးမခ၊ ယနေ့ဗမာစတဲ့ ကွန်ပျူတာမဂ္ဂဇင်းတွေထဲမှာလည်း အလားတူလုပ်ဆောင်ကြပါတယ်။ မြန်မာ့ “ပင်မရေစီး” နဲ့ “ပြင်ပရေစီး” ပေါင်းစပ်တဲ့ သဘောပါပဲ။

ပြည်ပမှာ ပြည်တွင်းထက်ကောင်းတာက စာပေလွတ်လပ်ခွင့်ရှိခြင်းပါပဲ။ ပြင်ပမှာက ဆရာတော်ဦးဥတ္တမ၊ ဦးဝိစာရ၊ ဗိုလ်ချုပ်ကျော်ဇော၊ ဗိုလ်လက်ျာ၊ ဦးနု၊ ဦးသန့်၊ တင်မိုး၊ ကြည်အောင်၊ ကိုလေး (အင်းဝဂုဏ်ရည်) စတဲ့ ပြည်တွင်းမှာ စစ်အစိုးရက ပိတ်ဆို့တားမြစ်ထားတဲ့အကြောင်းအရာ၊ အတ္ထုပ္ပတ္တိတွေကို ရေးသင့်ရေးထိုက်တာ ပြည့်စုံအောင် ရေးလို့ရပါတယ်။ ပြည်တွင်းမှာ သမိုင်းတို့၊ စာပေတို့ မလေ့လာမထိတွေ့ခဲ့ရဖူးတဲ့ ပြည်ပရောက်မြန်မာလူငယ်တွေဟာ သမိုင်းဝင်ပုဂ္ဂိုလ်ကြီးတွေအကြောင်းကို အကျယ်အပြန့် သိရှိခွင့်ရလာခဲ့ကြပါတယ်။

ဂျပန်မှာ အကြောင်းအမျိုးမျိုးနဲ့ရောက်ရှိနေကြတဲ့ မြန်မာလူငယ်တွေ၊ တိုင်းရင်သားတွေ တော်တော်များရှိလာတယ်။ ဂျပန်လူမျိုးတွေကလည်း မြန်မာတွေကို ဆွေမျိုးလိုကူညီကြ တာတွေ အများကြီးတွေ့ရပါတယ်။ ဂျပန်ရောက် မြန်မာလူငယ်တွေက နှစ်စဉ်စာပေဟောပြောပွဲ အကြီးအကျယ်လုပ်ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ အင်္ဂလန်၊ နော်ဝေ၊ ပြင်သစ်၊ ဂျာမနီ၊ သြစတြေးလျကို ရောက်ရှိနေကြတဲ့ မြန်မာတွေထက် လုပ်နိုင်ကြပါတယ်။ အဖွဲ့ကွဲနေရင်လည်း တူတာတွဲလုပ်ကြပါတယ်။ ကိုရီးယား (တောင်) နဲ့ စင်ကာပူရောက်မြန်မာတွေလည်း ပိုလို့လုပ်ဆောင်လာကြတာ တွေ့ရပါတယ်။

မနှစ်က စာဆိုတော်နေ့မှာ ဂျပန်က ဆရာဇော်ဂျီရာပြည့်ပွဲလုပ်တယ်။ ဒီနှစ် ၂၀၀၉ မှာတော့ ဆရာကြီး ဦးဖေမောင်တင် အထိမ်းအမှတ်ပွဲလေးတခုလုပ်ပြီးနောက် ဆရာကြီးမင်းသုဝဏ်နဲ့ ဦးသန့်ရာပြည့်ပွဲလုပ်ဖို့ ပြင်ဆင်နေကြပါတယ်။

နိုင်ငံရေးအဖွဲ့အစည်းတွေရော၊ နိုင်ငံရေးအဖွဲ့အစည်းဝင် မဟုတ်သူတွေရော ပူးပေါင်းလုပ်ကြမယ်။ ပြည်တွင်းက စာရေးဆရာတွေကို ဖိတ်လို့ရရင် ဖိတ်ကြမယ်။ ပြည်ပရောက်စာရေးဆရာတွေ၊ စာပေပညာရှင်တွေကို ဖိတ်ပြီး စာတမ်းဖတ်ပွဲတွေလုပ်ပြီး စာအုပ်ထုတ်ကြမယ်။ စာတမ်းပေါင်းချုပ်တွေထုတ်ကြမှလည်း အဖတ်တင်မှာပါ။ သူတို့ရဲ့ အားထုတ်မှုတွေကို ပီတိဖြစ်မိလို့ ဝေမျှလိုက်တာပါပဲ။

No comments: