Thursday, January 15, 2009

၈ လ ကြာသော်လည်း အကူအညီများ လိုအပ်နေဆဲ နာဂစ်ဒေသ

ကိုဝိုင်း

နာဂစ်မုန်တိုင်း အမွှေ့ခံခဲ့ရသည်မှာ ၈ လအတွင်း ရောက်လာသော်လည်း ဧရာဝတီနှင့် ရန်ကုန်တိုင်းအတွင်းမှ လေဘေးဒဏ်ခံ သံဃာတော်များ အပါအ၀င် ဒုက္ခသည်များ၏ နေထိုင်၊ စားသောက်ရေးမှာ ယနေ့တိုင် အခက်အခဲများနှင့် လုံးထွေးရစ်ပတ်နေသေးကြောင်း အဆိုပါ ဒေသများသို့ မကြာခဏ သွားရောက်၍ ကူညီနေသူတဦးက မဇ္ဈိမကို ပြောသည်။

အမိုးအကာ ခိုင်မာလုံခြုံမှုမရှိသော ဒုက္ခသည်များ၏ စိတ်ပိုင်းဆိုင်ရာ ဝေဒနာဒဏ်ချက်များမှာလည်း ဆက်ရှိနေသလို၊ ကလေးသူငယ်များ၏ မည်ကာမတ္တ ပညာရေးနှင့် ဘုန်းတော်ကြီးကျောင်းများဟု ခေါ်ဆိုရန်ပင် ခက်ခဲလှသော မြင်ကွင်းများကလည်း ကြည့်ရက်ဖွယ်မရှိ ကျန်ရှိနေဆဲဖြစ်သည်။

စစ်အစိုးရ အာဏာပိုင်များက ကယ်တင်ရေးလုပ်ငန်းကာလ ပြီးဆုံးသွားပြီ၊ ပြန်လည်ထူထောင်ရေးကာလ ရောက်နေပြီဟု ပြောဆိုသော်လည်း ဒေသတွင်း ကူညီထောက်ပံ့ပေးဝေရေး လုပ်ငန်းများကို တနိုင်တပိုင် လုပ်နေသူများကမူ လက်ခံထောက်ခံခြင်း မရှိသေးပါ။

မုန်တိုင်းဒဏ်ခံ ဒေးဒရဲ၊ ဘိုကလေး၊ ဖျာပုံ၊ လပွတ္တာ၊ မအူပင်၊ ကွမ်းခြံကုန်း၊ ကျောက်တန်း စသည့် မြို့နယ်များရှိ ကျေးရွာများ၏ နောက်ဆုံး အခြေအနေများ သိရှိနိုင်ရန်အတွက် အဆိုပါဒေသများသို့ မကြာသေးခင်က သွားရောက်ကူညီခဲ့သူတဦးကို မဇ္ဈိမသတင်းထောက် ကိုဝိုင်းက ဆက်သွယ်မေးမြန်းချက်များကို တင်ပြလိုက်ပါသည်။

ရောက်ခဲ့တဲ့ ရွာတွေထဲမှာ အကူအညီရရှိရေးနဲ့ပတ်သက်ပြီး အဆိုးဆုံးက ဘယ်ရွာတွေလဲဗျ။

ကျနော်ရောက်ခဲ့တဲ့ ရွာတွေက လပွတ္တာနဲ့ ပြင်ဇလူ၊ ကွမ်းခြံကုန်းဘက်၊ ကျောက်တန်းမြို့နယ်၊ လပွတ္တာ၊ ဖျာပုံ၊ ဘိုကလေးဘက်တွေကပေါ့။ အဲဒီထဲမှာ နာဂစ်မဖြစ်မီက ရွှေဆိုင်တောင်ရှိတဲ့ ကြိမ်ချောင်းကြီးရွာက အကူအညီမရဘူး ဖြစ်နေတယ်။ အဲဒီမှာ တေဇ (စီးပွားရေးသမား) ဆောက်ထားတဲ့ အိမ်အလုံး ၄၀ လောက်ရှိတယ်။ တေဇက တာဝန်ယူတယ်ဆိုတော့ WFP - World Food Program က ဘာမှလာမပေးဘူးပေါ့။ သူက တကယ်လည်း တာဝန်မယူတော့ ရွာကလူတွေအကုန်လုံး ငတ်ကုန်တာပေါ့။

နောက်တခုဆိုးတာက တေဇက အဲဒီဘက်က လယ်တွေကို သိမ်းပြီးတော့ ပုဇွန်မွေးဖို့အတွက် လမ်းဖောက်နေတယ်ဗျာ။ အဲဒီကြိမ်ချောင်းကြီးမှာ သစ်တောဌာနကပိုင်တဲ့ ကျွန်းတောကြီးရှိတယ်။ ရွာသားတွေက မီးသွေးဖုတ်ရင်း တောပြုန်းသွားပြီး လယ်သမားတွေကို သစ်တောက ပြန်ငှားစားတာ။ အခုကျတော့ လယ်ပြန်စိုက်ခွင့် မပေးတော့ဘူး။ အဲဒီလယ်တွေမှာ တေဇက ပုဇွန်ပြန်မွေးမှာ။ တခြားရွာတွေကတော့ ထိုက်သင့်သလောက် ရပေမယ့် လိုသေးတယ်ဗျ။ ဒါပေမဲ့ သူတို့က ငါးဖမ်း၊ ပုဇွန်ဖမ်းဆိုတော့ တော်သေးတာပေါ့။

အဲဒီဒေသတွေကို သွားတော့ လမ်းကြောင်းအခြေအနေက ဘယ်လိုရှိပါလဲခင်ဗျာ။

ရန်ကုန်ကနေ ထွက်တယ်ဗျာ။ ကွမ်းခြံကုန်းဘက်ဆို ကားက ကွမ်းခြံကုန်းအထိပဲ ရောက်တယ်။ အဲဒီကနေ စက်လှေငှားပြီးတော့ သွားရတာပေါ့။ ရန်ကုန်ကနေ မနက် ၆ နာရီထွက်တယ်၊ ကွမ်းခြံကုန်းကို မနက် ၁၀ နာရီလောက် ရောက်တယ်ဗျာ။ ဒီလမ်းက လမ်းကောင်းရင် တနာရီပေါ့ဗျာ။ မိုင် ၃၅-၄၀ ပဲ ရှိမှာပေါ့။ လမ်းကတော့ တဗြုန်းဗြုန်း တအုံးအုံးပေါ့ဗျာ။ လမ်းကျဉ်းကျဉ်း ကြမ်းကြမ်းပေါ့ဗျာ။ ကျောက်ခင်းလမ်း၊ ဟိုး ဒုတိယကမ္ဘာစစ်က ကားလမ်းတွေအတိုင်းပဲ ရှိသေးတယ်။ လမ်းမှာ ကားပျက်တာတွေလည်း ရှိတာပေါ့။ အလှူရှင် ကားသမားအချင်းချင်းပဲ ၀ိုင်းပြင်ကြတာပေါ့ဗျာ။ လူတွေက လှူရဖို့အတွက် အချင်းချင်း ညီညွတ်နေကြတယ်မို့လား။

လမ်းမှာ အစစ်အဆေးကလည်း များတယ်ဗျာ။ ရန်ကုန်ကနေ လှိုင်သာယာအထွက်မှာကို ၆ ဂိတ် ရှိတယ်။ အဲဒီမှာ ရဲ တက်လာမယ်။ သူတို့မေးတာကတော့ နိုင်ငံခြားသားပါလား ဆိုတာပဲ။ ပစ္စည်းတော့ ဘာမှမရှာဘူး။ စစ်သားရှိတာက ၂ ဂိတ်ပဲ ရှိတယ်။ ရန်ကုန်-မအူပင်ကြားမှာလည်း ဂိတ်တွေရှိတယ်။ သူတို့လည်း နိုင်ငံခြားသားရှာတာပဲ။ နိုင်ငံခြားသားက အဲဒီဘက်တွေကို ခိုးသွားပြီး သတင်းတွေ ထုတ်နေတာကိုး။ နအဖ တွေက သတင်းထွက်မှာ ကြောက်တယ်လေဗျာ။ နိုင်ငံခြားသားပါရင် ကားသမားဆီက ပိုက်ဆံတောင်းတယ်။ နိုင်ငံခြားသားကိုလည်း သွားခွင့်လာခွင့် လက်မှတ်စစ်တယ်။ ပါမစ်မပါရင်တော့ အဲဒီကနေ ပြန်လှည့်ပေါ့။

ဇွန်၊ ဇူလိုင်တုန်းက ရောက်ခဲ့တာနဲ့ စက်တင်ဘာ၊ ဒီဇင်ဘာရောက်တာ ဘာတွေကွာခြားသွားတာတွေ့ရလဲ။

အတူတူပဲဗျ၊ ကျနော့်မျက်စေ့ထဲမှာတော့။ ဘာမှ သိပ်ပြီး တိုးတက်လာတာမတွေ့ပါဘူး။

စက်တင်ဘာ၊ ဒီဇင်ဘာလတွေ ရောက်တုန်းက လပွတ္တာ၊ ဘိုကလေး၊ ဖျာပုံ၊ တညင်၊ ကျောက်တန်းဘက်က ကျေးရွာတွေက ဒုက္ခသည်တွေရဲ့ နေရေးစားရေး အခြေအနေက ဘယ်လိုရှိပါသလဲခင်ဗျ။

သူတို့က WFP ကနေ ပေးတယ်လေ။ နောက် WFP ကနေ Food for Work ဆိုတာနဲ့ ကူနေတာလည်း ရှိတယ်လေ။ လူနေအိမ်တွေကတော့ သာမန်အခြေအနေထက်ကို တော်တော့ကို ဆိုးတာပေါ့။ ၀ါးတွေဘာတွေနဲ့ပဲ ဆောက်တာများတယ်။ ရွာတွေမှာက နှစ်မျိုးတွေ့ရတယ်။ ရေပဲခံလိုက်ရတာရှိသလို၊ ရေနဲ့ လေပါ ခံရတာရှိတယ်။ လပွတ္တာဘက်က စွယ်စုံတို့ ဂဏန်းလေးတို့၊ အမတ်ကလေးတို့ဆိုရင် သူတို့ဆိုရင် မိသားစု ၃-၄ စု စုပေါင်းပြီး တဲကြီးတလုံး ထိုးပြီးနေရတာ။

ဒေသခံအာဏာပိုင်တွေက ရလာတဲ့ အကူအညီတွေပေါ်မှာ ခေါင်းပုံဖြတ်တယ်လို့ သတင်းတွေ ဖြစ်နေပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဘာတွေ ကြားခဲ့သိခဲ့သေးလဲဗျ။

ရှိတာပေါ့။ ကျနော်တို့ကိုယ်တိုင် ရွာသားတွေက သူတို့ဆီ တိုက်ရိုက်လှူပါလို့ ပြောတာမျိုးတွေ ရှိတယ်။ အာဏာပိုင်တွေဆီ လှူရင် မရလို့တဲ့။ အာဏာပိုင်တွေက ရသလောက် အိတ်ထဲ ထည့်ကြတာပါပဲ။ အာဏာပိုင်တွေဆီမှာ လူဦးရေ စာရင်း ၃ ခု ရှိတယ်တဲ့။ ပစ္စည်းဝေခြမ်းရေးလာရင် စာရင်းတခု၊ ပေါ်တာခေါ်ရင် ဘာလုပ်အားပေး ညာလုပ်အားပေးပေါ့၊ အဲဒါ ဆိုရင် တခု။ တကယ့်စာရင်းအမှန်က တခုတဲ့။ ဒီစာရင်း ၃ ခုထားပြီး လှုပ်ရှားနေတာပေါ့ဗျာ။

တချို့ဒေသခံ လူကြီးတွေထဲမှာ အဲဒီမှာပဲအခြေချနေတဲ့ တချို့က ပြန်ကြည့်တယ်။ မြို့ပေါ်အရောက်အပေါက်ရှိတဲ့ လူကြီးတွေကတော့ အိတ်ထဲ အကုန်ထည့်တာပဲ။ လပွတ္တာမှာဆို ကျနော်တွေ့ခဲ့တာ ဂိုထောင်ထဲမှာ ပစ္စည်းတွေ အများကြီး။ တချို့ဟာတွေက ပျက်ကုန်ပုတ်ကုန်ပြီ။ အပြင်ကနေ မြင်နေရတယ်ဗျာ။ တကယ့်လူတွေဆီ မရောက်ဘူးဗျာ။ မပေးဘူးဗျာ။ နည်းနည်းနောနော ဂိုထောင်ကြီးတွေ မဟုတ်ဘူး။ ယာယီဆောက်ထားတဲ့ ဂိုထောင်ကြီးတွေပေါ့။ အထဲမှာ ကြက်ခြေခတ်တွေနဲ့ ပါတယ်။ ICRC (နိုင်ငံတကာ ကြက်ခြေနီအဖွဲ့) က ပစ္စည်းတွေ တွေ့တယ်။ WFP ကပစ္စည်းတွေ တွေ့တယ်။ ပုဂ္ဂလိကအလှူရှင်တွေ လာလှူရင်တော့ ရကြပါတယ်။

ဘုန်းကြီးကျောင်းတွေရဲ့ ပြန်တည်ဆောက်မှု အခြေအနေကရော ဘယ်လိုရှိလဲဗျာ။

ဘုန်းကြီးတွေကတော့ လာလှူတဲ့ အလှူရှင်တွေ၊ ရွာသားတွေကိုပဲ အားကိုးရတာပေါ့။ ဘာ အစိုးရမှ မလာဘူး။ လာရင်လည်း ပတ်သက်ရာ ကျောင်းလောက်ကိုပဲ ပေးသွားတာ များတယ်။ တချို့ကျောင်းတွေဆိုရင် သင်္ဃန်းကို ၀ါးလုံးမှာ ချည်ပြီး စိုက်ထောင်ထားလို့ ဘုန်းကြီးကျောင်းမှန်း သိရတာ။ ကန်တော့ပါရဲ့ မပြောကောင်းမဆိုကောင်း နွားတင်းကုတ်သာသာဗျာ။ တချို့ကျောင်းကြီးတွေလည်း ပြန်မဆောက်နိုင်ကြဘူး။ ဘိုကလေးဘက်၊ လပွတ္တာဘက်၊ ဖျာပုံဘက်က ရွာတွေမှာပေါ့ဗျာ။ တာပေါ်လင်မိုး၊ တာပေါ်လင်စနဲ့ ဘယ်လိုနေမလဲဗျ။

ရောက်ခဲ့တဲ့ ဒေသတွေက လူကြီး၊ လူငယ်၊ ကလေးပေါ့နော်၊ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားနေရတာတွေကို ဘယ်လိုများ မြင်တွေ့ခဲ့ရပါသလဲခင်ဗျ။

တချို့ကတော့ တော်တော့ကို ဓာတ်ပျက်သွားတယ်။ မိသားစုပျက်သွားတဲ့ လူတွေ ရှိတယ်။ စီးပွားဥစ္စာ လုံးဝ ဆုံးရှုံးသွားတဲ့လူ ရှိတယ်။ ကျနော်တွေ့ခဲ့တဲ့ လူတယောက်ဆိုရင် သူ့မိန်းမနဲ့ ကလေးနဲ့ကို အခုထက်ထိ လိုက်ရှာနေတယ်။ ဘယ်သူ့မှလည်း ပြောလို့ မရဘူး။ ငါ့မှာ မိန်းမနဲ့ ကလေးရှိတယ်၊ ပြန်လာလိမ့်မယ်ပေါ့။ ကယ်ဆယ်ရေးစခန်းတွေမှာ လှည့်ပတ်ရှာနေတာပေါ့ဗျာ။ ကလေးတွေကျတော့လည်း မိဘကျွေးမှပဲ စားရမှာဆိုတော့ မိဘတွေရဲ့ မျက်နှာကို ကြည့်ရတာပေါ့။ မိဘတွေက စိတ်ညစ်နေရင် သူတို့လည်း နေစရာမရှိဘူးပေါ့ဗျာ။ ကလေးတွေရဲ့ စိတ်ကလေးတွေလည်း တော်တော် ယိုင်သွားတယ်။ ကြောက်လန့်ပြီးတော့ ဘယ်သူ့ကို အားကိုးရမှန်း မသိဘူးဖြစ်သွားတာပေါ့။

အဲဒီလို စိတ်ပိုင်းဆိုင်ရာအတွက် လေ့ကျင့်မှု၊ အကြံဉာဏ်ပေးမှုတွေ လုပ်နေတာရော တွေ့ခဲ့သေးလား။

တွေ့တယ်။ အမေရိကန်ဗီးရှင်းဆိုတာ တွေ့တယ်။ ဒေးဒရဲ၊ ဗျာပုံ၊ ဘိုကလေးဘက်က ရွာတွေမှာ တွေ့ခဲ့တယ်။ တချို့ဆိုရင် ၁၅ ပေလောက် ကွက်လပ်ထဲမှာ တဲတလုံးထိုးပြီး၊ ၀ါးကပ်ခင်းထားပြီး၊ ၀ါးကပ်ပေါ်မှာ တာပေါ်လင်ခင်းပြီး ကလေးတွေကို အရုပ်ကလေးတွေ လုပ်ပေးတာတို့၊ ဂစ်တာတီးသီချင်းဆိုတာတို့၊ အင်္ဂလိပ်စာလုံးကလေးတွေ ဆက်တာတို့၊ ဒါပေမဲ့ ထိထိရောက်ရောက်လုပ်ဖို့ လိုတယ်ဗျ။ အဲဒါမျိုး လုပ်တာကိုလည်း အာဏာပိုင်တွေက သိပ်သဘောမကျတာ တွေ့ရတယ်။ လူတရုန်းရုန်းနဲ့ ကလေးတွေကို တခြား မလိုလားအပ်တဲ့ အကြောင်းအရာတွေ ပြောမှာ စိုးတယ်ပေါ့ဗျာ။

အဲဒီရွာတွေမှာ ကလေးတွေအတွက် ကျောင်းတွေရော သေချာတည်ဆောက်ပြီးကြပြီလားဗျာ။

စာသင်ကျောင်းတွေကတော့ဗျာ၊ ပြီးခဲ့တဲ့ ဒီဇင်ဘာအထိ ပလတ်စတစ်မိုး၊ ပလတ်စတစ်ကာနဲ့ မြေကြီးပေါ်မှာပေါ့။ ကလေးတွေက ကြမ်းပေါ်မှာ ထိုင်နေရတာ။ အမိုးမလုံ ဘာမလုံနဲ့ နေပူရင်လည်း နေပူထဲမှာပဲ စာသင်ကြရတာ။ တော်တော် တော့ စိတ်မကောင်းစရာပါဗျာ။

နာဂစ်မဖြစ်ခင်ကလည်း ဆရာက အဲဒီနေရာတွေကို ရောက်ဖူးတယ်ဆိုတော့ နာဂစ်ဖြစ်ပြီးနောက်ပိုင်း အဲဒီဒေသတွေက ရာသီဥတုအခြေအနေက ဘာတွေပြောင်းလဲသွားတာ သတိထားမိလဲဗျာ။

လုံးဝကွာသွားတယ်။ အဲဒီမှာတိုက်တဲ့လေဟာ အရင်ကနဲ့ မတူဘူး။ အဲဒီက ရေနဲ့ လေနဲ့ဟာ လူရဲ့ အရေခွံကို ခဏလေးနဲ့ ခမ်းခြောက်သွားစေတယ်။ သာမန်ထက် ပိုပူတယ်။ လက်တွေဆိုတာ စပ်ဖျဉ်းစပ်ဖျဉ်းဖြစ်တာ။ တရက်ပဲ နေပူထဲ နေတယ်။ နောက်နေ့ လုံးဝ ငချိတ်ဖြစ်သွားတယ်။ အရင်ကဆို သစ်ပင်ခံ ဘာခံနဲ့ဆိုတော့ လေက အတွင်းထဲရောက်လာရင် အရှိန်လျော့သွားတယ်။ အခုက ဘာသစ်ပင်မှ မရှိတော့တဲ့အတွက် လေက တရဟော။ တချို့လူတွေဆို လေနည်းနည်း ပြင်းလာရင် နာဂစ်များ နောက်တခါ ဖြစ်မလားဆိုပြီး လန့်နေတာရှိတယ်။ အခုလာမယ့် မေဆိုရင် အနောက်တောင် မုတ်သုန်လေ စပြီဆိုတော့ မိုးရွာမယ်၊ လေပွေဆင်းမယ်၊ ရေတက်လာမယ်။ ဒါဖြစ်နေကျပဲလေ။ အဲဒီတော့ လာမယ့်မေမှာ ဒီလူတွေအတွက် စိတ္တဇဖြစ်လောက်တယ်။

ကိုဝိုင်း

No comments: