ခေတ်ပြိုင်
မြန်မာစစ်အစိုးရအနေဖြင့် အာဏာကို Road Map ခုနှစ်ချက်ဖြင့် ဆက်လက်ကိုင်စွဲသွား နိုင်အောင် ပြင်ဆင်၏။ တဘက်ကလည်း အမေရိကန်စီးပွားရေး ဒဏ်ခတ်ထားမှု ဖွင့်ပေးအောင် နိုင်ငံတကာကိုလည်း အခွင့်ရတိုင်း ပြော၏။ ထိုင်းဝန်ကြီးချုပ်အချို့ကတဆင့် ပြောသည့်ပုံစံမျိုးလည်း လုပ်၏။ ကုန်ကုန်ပြောရလျှင် အရှေ့တီမောသမ္မတ ဟိုဆေး ရာမော့စ် ဟော်တားလို ပုဂ္ဂိုလ်မျိုးကိုပင် စစ်အစိုးရက ချဉ်းကပ်ပြီး အမေရိကန် စီးပွားရေးပိတ်ဆို့မှု မကောင်းကြောင်း ပြောခိုင်းရသည့်အဖြစ် ရောက်၏။
ဒေါ်အောင်ဆန်းစုကြည်ကိုလည်း စီးပွားရေးပိတ်ဆို့မှုအတွက် တာဝန်ရှိသယောင် ဆက်တိုက်စွပ်စွဲ အကျပ်ကိုင်၏။ စစ်အစိုးရသတင်းစာ ဆောင်းပါးတွေကလည်း စဉ်ဆက်မပြတ် စီးပွားရေးပိတ်ဆို့မှု ဖွင့်ပေးဖို့ တောင်းဆို၏။ ထိုသည်တို့ကိုကြည့်လျှင် အမေရိကန်စီးပွားရေး ပိတ်ဆို့မှုကြောင့် မြန်မာစစ်အစိုးရခေါင်းဆောင်ပိုင်း အကြီးအကျယ် နစ်နာနေသည်မှာ မငြင်းနိုင်။ ဟန်မဆောင်နိုင်။
စင်စစ် မြန်မာစစ်အစိုးရသည် အမေရိကန်စီးပွားရေး ပိတ်ဆို့မှုပြန်ဖွင့်ရေး၊ နိုင်ငံတကာမှာ စစ်အစိုးရ သိက္ခာပြန်တင်နိုင်ရေးကို ယခုမှ တောင်းဆို ကြိုးပမ်းနေသည်မဟုတ်။ လွန်ခဲ့သည့် (၁ဝ) နှစ်ကျော်ကတည်းက ဒေါ်လာသန်းပေါင်းများစွာ အကုန်ခံ၊ အမေရိကန် PR (Public Relations) ကုမ္ပဏီတွေငှားပြီး ခိုးကြောင်ခိုးဝှက် ကြိုးစားခဲ့၏။ စီးပွားရေးပိတ်ဆို့မှုကို စစ်အစိုးရ အဘယ်ကြောင့် ထိုမျှ ကြောက်ရွံ့ထိတ်လန့်နေရလဲ စဉ်းစားဖို့လို၏။
လူသိနည်းခဲ့သည့် ထိုအကြောင်းတွေကို ခေတ်ပြိုင်က ပြန်လည်ဖောက်သည်ချလို၏။
၁၉၉ဝ ပြည့်နှစ် အစောပိုင်းကစပြီး Jefferson Waterman International ဆိုသည့် အမေရိကန် PR ကုမ္ပဏီကို မြန်မာစစ်အစိုးရက တနှစ် ဒေါ်လာ လေးသိန်းနှင့်ငှား၏။ မအောင်မြင်။ ထို့နောက် Bain & Associates အမေရိကန် ကုမ္ပဏီကို ရန်ကုန် ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေက တဆင့် ဒေါ်လာ နှစ်သိန်းခွဲကျော်ပေးပြီး ငှားပြန်၏။ တွက်ရေးနှင့် စက်သူဌေးမကိုက်။
တဖန် Atlantic Group ကုမ္ပဏီကို ဒေါ်လာများစွားပေးပြီးငှား၏။ အလုပ်မဖြစ်။ ၁၉၉၁ ခုနှစ်တွင် Van Kloberg & Associates ကို ငှား၍ ကြိုးစားပြန်၏။ အကြောင်းမထူး။ ၂ဝဝ၂ ခုနှစ်တွင် အမေရိကန် DCI Group ဆိုသည့် PR ကုမ္ပဏီကို ရှစ်လအတွက် ဒေါ်လာ သုံးသိန်းခွဲပေးပြီး ငှားပြန်၏။ သို့သော် ၂ဝဝ၃ ခုအရောက်တွင် DCI နှင့် မြန်မာစစ်အစိုးရတို့ ခွာပြဲလေပြီ။
အမေရိကန်စီးပွားရေး ပိတ်ဆို့မှုပြန်ဖွင့်ရေး၊ နိုင်ငံတကာမှာ စစ်အစိုးရ သိက္ခာပြန်တင်နိုင်ရေး စီမံကိန်းကို တချိန်က OSS ထောက်လှမ်းရေး စစ်ဗိုလ်တွေ ဦးစီးလုပ်ခဲ့သည်ဟုပင် နိုင်ငံခြားစာနယ်ဇင်းတွေမှာ ဖတ်ရ၏။
အမေရိကန် PR ကုမ္ပဏီ (၅) ခုအတွက် ထိုအချိန်က မြန်မာစစ်အစိုးရ လျှို့ဝှက်သုံးစွဲခဲ့သည့် ငွေပမာဏမှာ အနောက်စာနယ်ဇင်းတွေ ဖော်ပြချက်အရပင် အနည်းဆုံးဒေါ်လာ နှစ်သန်းကျော်၏။ ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေလို ကြားပွဲစား အမျိုးမျိုးနှင့် ငှားရမ်းခဲ့သည့်အတွက် အမှန်တကယ် ကုန်ကျစရိတ်မှာ ထို့ထက် အဆများစွာကုန်နိုင်၏။ စင်စစ် ထိုဒေါ်လာတွေမှာ တိုင်းပြည်ဘဏ္ဍာငွေတွေ ဖြစ်၏။ ပြည်သူကို အသိမပေးဘဲ ပြည်သူ့ဘဏ္ဍာ အလွဲသုံးစားလုပ်မှုအတွက် စစ်အစိုးရမှာ တာဝန်ရှိ၏။
အမေရိကန် PR ကုမ္ပဏီများနှင့် ဆက်ဆံရာတွင် အဓိက ကြားခံဆက်သွယ်ပေးခဲ့ရသူမှာ ထိုအချိန်က အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ မြန်မာသံအမတ်ကြီး ဦးသောင်းဖြစ်၏။
ဇာတ်ပေါင်းသော် မြန်မာသံအမတ်ကြီး ဦးသောင်းက နောင်တွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဝန်ကြီးဖြစ်လာသလို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ယုံကြည်ရသည့် မင်းတိုင်ပင်အမတ်ကြီး ဖြစ်လာ၏။ အမေရိကန်စီးပွားရေး ပိတ်ဆို့မှုပြန်ဖွင့်ရေး၊ နိုင်ငံတကာမှာ စစ်အစိုးရ သိက္ခာပြန်တင်နိုင်ရေး ရွှေဥာဏ်တော်စူးခဲ့သည့် ထောက်လှမ်းရေးအရာရှိတွေ ထောင်ထဲ ရောက်ကုန်၏။
တချိန်က မြန်မာစစ်အစိုးရ ငှားရမ်းခဲ့သည့် ထိုကုမ္ပဏီတွေမှာလည်း စင်စစ် ခေသူများမဟုတ်။ Jefferson Waterman International နှင့် Van Kloberg & Associates ကုမ္ပဏီတို့ဆိုလျှင် အမေရိကန် Republican Party နှင့် ဆက်ဆံရေးခိုင်မာသည့် ကုမ္ပဏီကြီးတွေ ဖြစ်၏။ Van Kloberg & Associates ပီအာကုမ္ပဏီပိုင်ရှင် Von Kloberg ၏ ဖောက်သည်စာရင်းတွင် မြန်မာစစ်အာဏာ ရှင်သာမက၊ ကမ္ဘာ့အာဏာရှင်တွေ အများအပြားပါဝင်၏။ ဥပမာ-အီရတ် အာဏာရှင် ဆတ်ဒန်ဟူစိန်၊ ရိုမေးနီးယား အာဏာရှင် Nicolae Ceauşescu စသည့်ပုဂ္ဂိုလ်မျိုးတွေ ဖြစ်၏။
ချုပ်ကြည့်လျှင် မြန်မာစစ်အစိုးရသည် အမေရိကန်စီးပွားရေး ပိတ်ဆို့မှုပြန်ဖွင့်ရေး၊ နိုင်ငံတကာ မှာ စစ်အစိုးရ သိက္ခာပြန်တင်နိုင်ရေးစီမံကိန်းကို စနစ်တကျ လျှို့ဝှက်အားထုတ် လုပ်ကိုင်ခဲ့ ကြောင်း ပေါ်လွင်၏။
ထိုအမေရိကန်ကုမ္ပဏီများနှင့် ဝါရှင်တန်မြန်မာသံရုံးတို့ လျှို့ဝှက်ဆက်သွယ်ပြီး လုပ်ကိုင်ခဲ့၏။ ခရီးပေါက်ကာနီးမှ စစ်အစိုးရအကြံပျက်ခဲ့ရ၏။ ထိုမျှဆိုလျှင် စစ်အစိုးရသည် အမေရိကန် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုအပေါ် ဘာကြောင့် အာသာငမ်းငမ်းဖြစ်နေသည်ကို ရိပ်စားမိလောက် ပြီဟု ယူဆ၏။
မည်မျှကြိုးစားစေကာမူ နိုင်ငံတကာအလည်မှာ စစ်အစိုးရ သိက္ခာ ကျမြဲကျနေသလို အမေရိကန်ကလည်း စီးပွားရေး ပိတ်ဆို့မြဲ ပိတ်ဆို့၏။ ပိတ်လည်း ပိတ်ဆို့ထိုက်၏။
သို့သော် မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်မှုကို အချိန်မရွေးပြန်ရုပ်သိမ်းနိုင်သည့် ခြွင်းချက်အခြေအနေမျိုးတွေ အမေရိကန် စီးပွားရေးဒဏ်ခတ်မှု ဥပဒေတွင် ပြဋ္ဌာန်းထားပြန်၏။
ဥပမာ- လူ့အခွင့်အရေးချိုးဖောက်မှုတွေ သိသိသာသာ ရပ်ဆိုင်းသွားသည့် တိုးတက်မှုမျိုး၊ အရပ်သားအစိုးရအပေါ် အာဏာလွှဲပေးမည်ဟု ဒီမိုကရေစီ အင်အားစုတွေအပေါ် စစ်အစိုးရက ကတိပေးသည့် တိုးတက်မှုမျိုး၊ နိုင်ငံရေး အကျဉ်သားတွေ လွှတ်ပေးပြီး ဒီမိုကရေစီအစိုးရ တရပ် ပေါ်ထွန်းလာစေရန် ဖော်ဆောင်မည့် တိုးတက်မှုမျိုး မြန်မာနိုင်ငံတွင်ရှိပါပြီဟု ရွေးကောက်ပွဲအနိုင်ရ အရပ်သားအစိုးရက မေတ္တာရပ်ခံလာလျှင် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ထားမှုကို အမေရိကန်သမ္မတက ချက်ချင်း ရုပ်သိမ်းနိုင်သည်ဆိုသည့် အချက်ဖြစ်၏။
No comments:
Post a Comment