Thursday, January 22, 2009

နဝတ စီးပွားရေး လုပ်နေသည်

မသက် (၆၀၁)

ဒီနှစ် ဇန်နဝါရီလ (၂၁) ရက်နေ့က ထိုင်းမြန်မာ ပူးတွဲကော်မရှင်တခု ထားရှိရေးသဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးလိုက်ကြပါ တယ်။ အဓိကကတော့ စီးပွားရေးကုန်သွယ်ရေးဆိုင်ရာ တိုးတက်အောင် ဆောင်ရွက်ပုံဖော်ကြဖို့ပဲ ဖြစ်တယ်။ စာချုပ်ကို ထိုင်းနိုင်ငံ နိုင်ငံခြား ရေးဝန်ကြီးနဲ့ နဝတဘက်က ဦးအုန်းဂျော် ပူးတွဲလက်မှတ်ထိုးခဲ့ကြတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပရာဆောင်ဆွန်ဆီရိက စာချုပ်လက်မှတ်ရေးထိုးအပြီးမှာ သတင်းထောက်တွေကို “အဲဒီကိစ္စဟာ နိုင်ငံတိုင်းကို တန်းတူထားဆက်ဆံရေးဆိုတဲ့ ထိုင်းနိုင်ငံခြားရေး ပေါ်လစီရဲ့ အစိတ်အပိုင်းတခုပေါ့၊ မြန်မာပြည်အပေါ်မှာလည်း အပြုသဘော ပူးပေါင်းဆောင်ရွက်ရေးမှုလည်း ရှိနှင့်ပြီသားမို့လား” လို့ ပြော သွားပါတယ်။

ဒီစာချုပ်ရဲ့နောက်ကွယ်မှာ ထိုင်းက အကြံကြီးကြံနေတဲ့ သံလွင်မြစ်ရေ ဝယ်ယူရေး၊ ရေအားလျှပ်စစ်ဝယ်ယူရေး၊ ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေး၊ တရုတ်မြန်မာထိုင်း ကုန်သွယ်လမ်း တရားဝင်ဖောက်လုပ်ရေးနဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း တိုးချဲ့ဆောင်ရွက်ရေး ဆိုတာတွေ ကပ်လျက်လိုက်လာကြမှာပဲ။ ထိုင်းနိုင်ငံအတွင်းမှာ စားသုံးသူ အရင်းအမြစ်က ပိုများပြီး၊ ခေတ်မီကုန်ထုတ်စက်ရုံနဲ့ လုပ်ငန်း တွေရဲ့ ဆိုးကျိုးဖြစ်တဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးပြုန်းတီးရာက ရာသီဥတုဖောက်ပြန်လို့ မိုးခေါင်ရေရှားမှုဒဏ်ကို ကြောက်လန့်နေရတဲ့ အချိန်မှာ ထိုင်းအစိုးရဟာ စီးပွားရေး တည်ငြိမ်ဖို့၊ ဆက်စပ်နေတဲ့နိုင်ငံရေးတည်ငြိမ်ဖို့အတွက် မြန်မာနိုင်ငံကိုခုတုံးလုပ်၊ ဂုတ်ခွစီးနိုင်ဖို့ လက်မှတ်တစောင် တရားဝင် ဝယ်ယူလိုက်တယ်ဆိုရင်လဲ မမှားပါဘူး။

ထိုင်းနိုင်ငံဟာ အစိုးရအစဉ်အဆက် “စစ်ဇုံမှသည် စီးပွားရေးဇုံသို့” ဆိုတဲ့အယူအဆအပေါ် အခြေခံပြီး စီးပွားရေးထူထောင်လာတာ စာဖတ်သူများအသိပါပဲ။ အာရှကျားလေးကောင်ကို မှီနိုင်အောင်အပြေးအလွှားသွားတဲ့အခါ အိမ်နီးချင်းနိုင်ငံတွေရဲ့ နိုင်ငံရေးအကြပ်အ တည်း၊ ပြည်တွင်းရေးပြဿနာ၊ ပြည်တွင်းစစ် စတာတွေကို စိုးစဉ်းမျှ ထည့်တွက်ခြင်းမရှိဘဲ အာဏာရအုပ်စုကော ဆန့်ကျင်သူတွေနဲ့ပါ သင့်သလိုကြည့်ပေါင်းပြီး၊ သူ့နိုင်ငံစီးပွားရေးအတွက်ပဲ လုပ်သွားတာတွေကို ရှင်းရှင်းလေးမြင်နေရတာပါပဲ။

စာချုပ်နဲ့အတူ ခြေလှမ်းအချို့တွေကလည်းစထားပြီ။ ၂၂ - ၁ - ၉၃ ရက်နေ့က ထိုင်းစစ်ဘက်ဆိုင်ရာဘဏ် (Thai Military Bank) ကနေ သင့်တော်တဲ့အချိန်မှာ ဘဏ်ခွဲတခုစဖွင့်နိုင်ဖို့ ရန်ကုန်မှာရုံးလေးတခု အစမ်းသွင်းထားလိုက်ပြီ။ နှစ် (၃၀) အတွင်းမှာ နိုင်ငံခြားဘဏ်တခု စဖွင့်ဖို့ အဦးဆုံးလုပ်တာပဲ။

ဆိုခဲ့တဲ့ စာချုပ်ချုပ်တဲ့နေ့မှာပဲ အရှိန်လေးနဲ့စထားတဲ့ နောက်ထပ်စီးပွားရေး ခြေလှမ်းတခုပိုမြဲဖို့ ပြင်လာတယ်။ ထိုင်းနိုင်ငံ ချင်းရိုင် မြို့တော်ဝန်နဲ့ ကျိုင်းတုံခရိုင်ခဝတဥက္ကဋ္ဌတို့ တွေ့ဆုံဆွေးနွေးကြတယ်။ အကြောင်းအရာကတော့ လွန်ခဲ့တဲ့နှစ်များစွာကတည်းက တရုတ် အကြံပေးနေတဲ့ကိစ္စတခု အကောင်အထည်ဖော်ကြဖို့ရာပဲ။ ထိုင်း၊ မြန်မာ၊ တရုတ် ကုန်သည်လမ်းတခုကိုဖောက်ပြီး သုံးနိုင်ငံစီးပွားရေးကိစ္စ ဆောင်ရွက်နိုင်ကြဖို့ရာ ဖြစ်ပါတယ်။ ခဝတဥက္ကဋ္ဌ ဗိုလ်မှူးကျော်ဝင်းက ဒီကိစ္စကို ရန်ကုန်အထိ တင်ပြမယ်လို့ဆိုတယ်။ တကယ်တော့ ထိုင်းနိုင်ငံက ရွှေတြိဂံဒေသအထိ တိုးတိုးပေါက်ပေါက်ရှိနိုင်ဖို့ အမြော်အမြင်ရှိရှိနဲ့ ဒီကိစ္စကို အစပြန်ဖော်တာပဲ။

လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာလကစပြီး ကမ္ဘာလှည့်ခရီးသည်တွေဟာ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ကနေ ကျိုင်းတုံခရိုင်ထဲကို အစလိုက်အပြုံလိုက် လည်ပတ်နေကြပြီ။ ရန်ကုန်တံခါးပေါက်ကိုတော့ နဝတက မဖွင့်ရဲဘူး။ နဝတအာဏာကို ယိမ်းယိုင်စေမယ့်၊ နဝတကို အရှက်ရစေမယ့် သတင်းပလင်းတွေကို ပေးနိုင်တဲ့နေရာဟာ အတွင်းဘက်က မြို့ကြီးပြကြီးတွေဆိုတော့ကာ အဲဒီဘက်လမ်းကို စနစ်တကျပိတ်ထားတယ်။ တာချီလိတ်၊ ကျိုင်းတုံဖက်ကျတော့ သွားဖွင့်တယ်။ (၄) ရက် ဗီဇာပေးတယ်။ တယ်လဲ အစစ်အဆေးမထားဘူး။ ထိုင်းဘက်ကမ်း မယ်ဆိုင်မှာ ကတော့ ငွေတွေ သောက်သောက်လဲပေါ့။ မြန်မာပြည်ထဲသွားရခက်တော့ တနေရာလည်း ဖွင့်ပေးလိုက်ရော၊ သွားချင်တဲ့လူတွေ ပြုံလာတာ ကိုး။ ထိုင်းရဲ့ ကမ္ဘာလှည့်ခရီးသည်လုပ်ငန်းအတွက်လည်း အားကောင်းတဲ့ကြော်ငြာတခုဖြစ်လာတယ်။ မြန်မာပြည်သွားချင်လား၊ ထိုင်းမှာ တည်း၊ ထိုင်းကိုဖြတ်ပါပေါ့။ ဈေးခေါ်ကောင်းတယ်။ ဒီကိစ္စမှာလည်း ရွေကြိဂံဟာ ဆွဲအားကောင်းကောင်းတခု ဖြစ်နေပါတယ်။

တခါ ကော့သောင်းဖက်ကို လမ်းဖောက်ဖို့ ကြိုးစားချက်တခုကလည်း ရှိသေးတယ်။ ဒီဘက်ကမ်းဟာ ပင်လယ်ဆိပ်ကမ်းအတွက် သင့်တဲ့ အကြောင်း၊ မြန်မာပြည်ထဲက သယံဇာတ အရင်းအမြစ်တွေကို ဒီဘက်လမ်းက ကဲ့ထုတ်နိုင်တဲ့အကြောင်း၊ တခြားသူတွေလက်မဦးခင် ထိုင်းက စထားသင့်တဲ့အကြောင်းနဲ့ ရနောင်းမှာရှိနေတဲ့ မြန်မာပြည်သား အလုပ်သမား (၄) သောင်းကျော်ကို ပြန်ခိုင်းလိုက်ရင် ရနောင်း စီးပွားရေး ဖရိုဖရဲဖြစ်မှာမို့ ထိန်းချုပ်ထားသင့်ကြောင့်တွေကို ပြောသွားပါတယ်။ ဒီနေရာမှာ ကိုယ့်ကိစ္စကလွဲရင် ဘာအရေးမှ စဉ်းစား မပေးတတ်တဲ့စရိုက်ကို အထင်းသားတွေ့နိုင်ပါတယ်။ ရနောင်းမှာ မြန်မာပြည်ကအလုပ်သမားတွေ နည်းမျိုးနဲ့ ခေါင်းပုံဖြတ်ခံနေရတာတွေ၊ ပြည့်တန်ဆာဖြစ်နေရတဲ့ မြန်မာအမျိုးသမီးတွေနဲ့ အခြားအနိဌာရုံတွေကိုတော့ လစ်လျူရှုထားတယ်။

နိုင်ငံတကာက နဝတရဲ့မတည်ငြိမ်မှုကို အကဲခတ်ရင်းနဲ့ မြှုပ်နှံမှုတချို့ကို မြေစမ်းခရမ်းပျိုး လုပ်နေတဲ့အချိန်မှာ ထိုင်းကအားလုံးကို ကျော်တက်သွားနိုင်အောင် နည်းမျိုးစုံနဲ့ဖြတ်လမ်းလိုက် အားထုတ်နေပြီဖြစ်တယ်။ နယ်စပ်ကုန်သွယ်မှုတွေဟာ ထိုင်းရဲ့စီးပွားရေးကို အတော်ပဲ ကျားကန်ပေးထားတာ ဖြစ်တယ်။ အရင်ကတည်းက စခဲ့တဲ့ သစ်၊ ငါး၊ ကျောက်မျက်ရတနာနဲ့ သတ္တုပစ္စည်းတွေ ဈေးပေါပေါနဲ့ ရလိုက်လို့ မြတ်စွန်းသွားတာတွေလည်း နည်းတာမဟုတ်ဘူး။ ရလည်း ရနေတုန်းပဲ။

အခုတလောမှာ တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံကို အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ထဲ ဝင်ဖို့ တိုက်တိုက်တွန်းတွန်း လုပ်နေတယ်။ နဝတကလည်း နိုင်ငံတကာဖိအားကို အုပ်စုဖွဲ့ပြီးတော့ တောင့်ခံထားနိုင်အောင် ဘက်မလိုက်နိုင်ငံများအသင်းဝင်ဖြစ်ဖို့ လျှောက်ထားတာ ပယ်ချခံခဲ့ရပြီး၊ ဒီလို ASEAN ထဲ ဝင်ခွင့်ရမယ်ဆိုရင် သိပ်ကြီးတော့ မူနေမယ်မထင်ဘူး။

ဒီစာရဲ့အစကို ပြန်ကောက်ရရင်တော့ ထိုင်းနဲ့နဝတတို့ရဲ့ ပူးတွဲကော်မရှင်ဖွဲ့လိုက်ပြီး စီးပွားကုန်သွယ်ရေးတိုးတက်ဖို့ ဆောင်ရွက်ခြင်းကိစ္စမှာ ထိုင်းလည်းချမ်းသာနိုင်တယ်။ နဝတလည်း လက်နက်လူသူလေးပါး စုဆောင်းအားဖြည့်ဖို့၊ စစ်တပ်ကိုဖြည့်တင်းဖို့၊ အာဏာကို ကျားကန်ဖို့ အခွင့်အလမ်းတွေ ပိုရသွားမယ်။

တိုင်းပြည်နဲ့လူမျိုးကျတော့ ဘာတွေဖြစ်သွားမလဲ။ ရေနဲ့ လျှပ်စစ်အရောင်းအဝယ်ဖြစ်ဖို့ရာ သံလွင်မြစ်မှာ ရေကာတာဆောက်မှ ရလိမ့်မယ်။ ရေကာတာတခု ဆောက်ဖို့ရာအတွက် ဆောက်မယ့်နေရာအရောက် ယာဉ်နဲ့စက်တွေ သယ်သွားဖို့လမ်းဖောက်ရမယ်။ လမ်းတလျှောက် သစ်တောတွေရှိရင် ရှင်း၊ ရွာတွေဖယ်ခိုင်း၊ ပြည်သူလူထုဆီက လုပ်အားကိုခြိမ်းခြောက်ယူ ရေကာဆောက်တော့လည်း ရေလှောင်ဧရိယာ အတွက်လိုတဲ့ အကျယ်အဝန်းအတိုင်း၊ သစ်တောတွေ ရေမြှုပ်မယ်။ ပျက်စီးမယ်။ လူနေအိမ်ခြေတွေလည်း ရေမြှုပ်ဧရိယာအတွက်ဆို ဖယ်ပေးရမယ်။ စိုက်ပျိုးမြေ၊ ဘုရားမြေ၊ သမိုင်းအမွေအနှစ်မြေ ဘာမှရှောင်မှာမဟုတ်ဘူး။ သေနတ်ပြပြီး ဖယ်ခိုင်းမှာပဲ။ ရတဲ့ရေနဲ့မီးကျတော့ ဘယ်သွားမှာလဲ။ ထိုင်းကို ရောင်းမှာ။ လာပိတ ဓာတ်အားပေးစက်ကြီးရှိပြီး ရှမ်းပြည်နယ်၊ ကယားပြည်နယ်လမ်းတလျှောက်တွေမှာ မီးမှိတ်တုတ်မှိတ်တုတ်ဖြစ်နေတဲ့ သာဓကတွေကို သတိရကြရင် ဒီစီမံကိန်းကြီးရဲ့ အန္တရာယ်၊ အလားအလာကိုလည်း စာဖတ်သူတို့ တွေးထင်နိုင်မှာပါ။

နယ်စပ်စီးပွားရေးတွေ ပွင့်လန်းဝေဆာလာဖို့ နဝတက တချက်ခုတ်၊ နှစ်ချက်ပြတ် လမ်းရှင်းပါလိမ့်မယ်။ ဒီမိုကရေစီအင်အားစုတွေကိုလည်း တိုက်ရင်း၊ စီးပွားရေးလမ်းတွေလည်း အုတ်မြစ်ချရင်းနဲ့ စစ်မီးပိုတောက်လောင်လာဦးမှာပဲ။ ချပြီးသမျှအုတ်မြစ်ထဲကနေ ဒီနေ့ ကျိုင်းတုံ၊ တာချီလိတ်မှာ ကမ္ဘာလှည့်ခရီးသည်လုပ်ငန်း စတင်နေမှုကို အနည်းငယ်ထောက်ပြချင်ပါတယ်။ ဒီ Tourism ရဲ့နောက်ဆက်တွဲအဖြစ်မှာ ထိုင်းမှာဖြစ်နေတဲ့ ယဉ်ကျေးမှုရိုးရာပျောက်ဆုံးခြင်းနဲ့ ပြည့်တန်ဆာလုပ်ငန်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်းစတဲ့ အပျက်တရား တွေဟာ မြန်မာပြည်ထဲကို ရွှေ့ပြောင်းလာတော့မှာဖြစ်ပါတယ်။ တဆက်တည်း AIDS ရောဂါဆိုတာကလည်း တားမနိုင်ဆီးမရ ပါလာဦး မှာပါပဲ။ ထိုင်းနဲ့နဝတကတော့ အသာလက်ပိုက်ကြည့်နေပြီး ရသမျှငွေကဲ့ယူနေရုံပါပဲ။ Tourism ရဲ့ အကျိုးအပြစ်တွေဟာ ပြောနိုယ်မယ်ဆို အများကြီးပါ။ စာတစောင်၊ ပေတဖွဲ့ သုတေသနလုပ်သင့်တဲ့ အကြောင်းအရာတခုပါ။

လူ့အခွင့်အရေး ဒီမိုကရေစီရေးနဲ့ စစ်အာဏာရှင်စနစ် အပြီးတိုင်ဖြုတ်ချရေးဆိုတဲ့ အမှန်တရားရဲ့အသံတွေကို စီးပွားရေးကိစ္စတွေဘက် အရေးပေးနေချင်လို့ နိုင်ငံတကာက နားနည်းနည်းလေးပြ၊ နှာနည်းနည်းစေးပြနေတာတွေ ရှိပါတယ်။ နဝတရဲ့ လူ့အခွင့်အရေးချိုးဖောက် မှုတွေကို ဖော်ထုတ်နိုင်ကြပြီး နိုင်ငံတကာရဲ့ စာနာထောက်ခံမှုရလာခြင်းကို အရှိန်မြှင့်ပေးမယ့် လောင်စာတခုကတော့ လိုနေပါပြီ။ လောင်စာမရှိတာလား။ လောင်စရာမရသေးတာလားလို့ စဉ်းစားကြည့်နိုင်ကြရင် ကောင်းမှာပဲ။

နယ်ချဲ့ဆန့်ကျင်ရေးတရားတွေကို သမိုင်းအကိုးအကားနဲ့၊ ပုံတိုပတ်စနဲ့ ပြောပြောနေတတ်တဲ့ နဝတဟာ ထိုင်းရဲ့ စီးပွားရေးနယ်ချဲ့ နေရမှုကို မသိလို့တော့ မဟုတ်တန်ရာဘူး။ သိသိနဲ့ပဲ အာဏာတည်မြဲရေးအတွက် ရတဲ့နည်းနဲ့ငွေရှာမယ်လို့ စိတ်ပိုင်းဖြတ်ထားပြီး တိုင်းပြည်နဲ့ လူမျိုးကို ရောင်းစားနေတာပဲ။

နိုင်ငံရေးအရတော့ နဝတကဘယ်တော့မှ နိုင်မှာမဟုတ်တာသေချာတယ်။ နဝတရဲ့ နိုင်ငံရေးမျက်လှည့်ပွဲတွေကို ဘယ်သူမှလည်း ပါးစပ်ဟောင်းလောင်းနဲ့ တအံ့တသြအရေးလုပ် မကြည့်ကြဘူး။ ဒါပေမယ့် မျက်လှည့်ပွဲမှာ ဆူဆူညံညံတီးခပ်ပြီး နောက်နားကနေ စီးပွားရေး ကိစ္စ လက်တို့ချင်တာကျတော့ မျက်စေ့ထောင့်ထောက် ကြည့်ဖို့လိုမယ်။ နဝတရဲ့ လက်တွေခြေတွေ စီးပွားရေးနယ်ထဲ မကုတ်မိသွားဖို့ ဟန့် တားနေရမယ်။ နိုင်ငံတကာဆိုတာကလည်း သူ့အကွက်နဲ့သူ မက်လုံးတွေ ကစားတတ်ကြစမြဲမို့ သူတို့မက်ချင်မက်သွားနိုင်တဲ့ စီးပွားရေး အားလုံးတွေကို မတည်မငြိမ်ဖြစ်အောင် လုပ်ပေးဖို့လိုပါလိမ့်မယ်။ အမှန်တရားဟာ ကျနော်တို့လက်ထဲမှာ ရှိနေတာမှန်ပါတယ်။ ဒီအမှန်တရားကို ရုပ်လုံးကြွအောင် ခြွပေးနိုင်မယ့် အရံလက်နက်တွေ ရှိရပါလိမ့်မယ်။ စစ်ရေး၊ နိုင်ငံရေး၊ စည်းရုံးရေးစစ်မျက်နှာတွေ အခိုင်အမာရှေ့တိုးဖွင့်ရင်းနဲ့ အာဏာရူးတွေရဲ့လက်ထဲကို ငွေပုံပေးနေကြမယ့် စီးပွားရေးသမားတွေရဲ့ ခြယ်လှယ်မှုကို ခုခံဟန့်တားနိုင်တဲ့ နောက်ထပ်စစ်မျက်နှာတခု လိုပါတယ်။



မသက် (၆၀၁)
ဒေါင်းအိုးဝေ - အတွဲ (၃)၊ အမှတ် (၁၁)၊ ဖေဖော်ဝါရီ၊ မတ်၊ ၁၉၉၃။ (စာမျက်နှာ ၃၈ မှ ၃၉ ပါ ဆောင်းပါး)


No comments: